စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၇)နှင့် (၅)တွင် အရပ်သားများ ထိခိုက်သေဆုံး

By YT  ( မဇ္ဈိမ)
11 April 2023
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၇)နှင့် (၅)တွင် အရပ်သားများ ထိခိုက်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇)နယ်မြေ ဘားအံခရိုင်နှင့်တပ်မဟာ(၅) နယ် မြေ ဖာပွန်ခရိုင်တို့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးနှင့်သေနတ်ကျည်ထိမှန်၍ဒေသခံ တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုနှင့် မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက် အရ သိရသည်။

တပ်မဟာ(၇)ဘားအံခရိုင်၊ ဒုံရင်းမြို့နယ်၊ ရိုးမဟာကျေးရွာအုပ်စု၊ မနီကုန်းကျေးရွာတွင် ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က သာမညဘက်မှတက်လာသော စစ်ကောင်စီယာဉ်တန်းမှ စစ်ကောင်စီ တပ်သား များ၏ အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် ကားဝပ်ရှော့ရှေ့တွင် ဖခင်အားစောင့်နေသော အသက်(၁၂) နှစ် အရွယ် စောဝေသာလီထွန်း ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူ စောဝေသာလီထွန်းအား ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် မိသားစုမှ မီးသဂြိုလ်ခဲ့ပြီးနောက် ဘားအံအခြေစိုက် တပ်မ(၂၂)မှအကြီးအကဲများက စောဝေသာလီထွန်း၏မိဘများနှင့်သွားရောက်တွေ့ဆုံ ခဲ့ကာ ငွေကျပ် ၁၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း KNU တပ်မဟာ(၇)နယ်မြေ၌ စစ်ကောင်စီတပ်မှပစ်ခတ်၍ အရပ် သားသေဆုံးခြင်းသည် ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း တပ်မဟာ(၇)နယ်မြေခံတစ်ဦးထံမှ သိရ သည်။ 

NKU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရကာ ဒေသခံနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်ထားသည်။ 

ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မထောအခြေစိုက် စစ်ကောင်စီစခန်းမှ ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီးကျည်တစ်လုံးသည် ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာအုပ်စု၊ ကလောထာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၄၈)နှစ်အရွယ် စောတင်လှ၏ ဦးခေါင်းညာဘက်ခြမ်းတွင် ထိခိုက်ဒဏ် ရာရခဲ့ကာ နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်ရက်ဆက်လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ဒေသခံပြည်သူ များ ထိခိုက်သေဆုံးမှုများရှိကာ အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly