ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပြည်သူ ၉ ဦးသေဆုံး

By ပါခွီး (မဇ္စျိမ)
11 April 2023
ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပြည်သူ ၉ ဦးသေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်နှင့် CDM ကျောင်းအုပ်ဆရာကြီးမိသားစု သုံးဦးအပါအဝင် ပြည်သူ ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၀ရက် နံနက် ၁၁နာရီခန့်တွင် ဝေဘူလမြို့သို့ ဗုံးလေးလုံး ကြဲချခဲ့ရာ ကျောင်းအနီးတစ်ဝိုက်နှင့် ပြည်သူနေအိမ်များအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာမှ အပြစ်မရှိတဲ့ ပြည်သူတွေအပေါ်မှာ လေကြောင်းက ရက်ရက်စက်စက် ဗုံးကြဲသွားခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ၊ စစ်ကောင်စီတပ် ဒီလိုမျိုးဆက်မလုပ်နိုင်အောင် တော်လှန်ရေးအင်အားစုများအားလုံး ပေါင်းစည်းပြီး ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်သွားကြဘို့ တိုက်တွန်းပါတယ်” ဟု ဝေဘူလမြို့တွင်ရောက်ရှိနေသည့် ကလေးမြို့မှ ကထိက ဆရာမ ဒေါ်ရတီအုန်း က ၎င်း၏ ရုပ်သံထုတ်လွှင့်မှုတွင် ပြောဆိုခဲ့သည်။

သေဆုံးသွားသော သူများမှာ ခရစ်ယာန်ဓမ္မဆရာ သိက္ခာတော်ရ ဆရာ ဂျေ စောဇာထန်း ၊ ကျောင်းအုပ်ဆရာကြီး (CDM) ဦးထောင်ဇအုပ် (၆၁နှစ် )၊ ဒေါ်ထီးယန်းဆုန်း (၅၈နှစ်)(ကျောင်းအုပ်ဆရာကြီးဇနီး) ၊ ဆလိုင်းဗျက်လှယ်ကျဲအို (၁၂နှစ်) (ကျောင်းအုပ်ဆရားကြီးသား ) ၊ ဆရာမ ဇာနှဲမ်ကိမ်း (၃၁နှစ်)(လယ်ပြ CDM) ၊ ဆလိုင်း နာထန်းဟရင်းဆန်း ၊ ဆလိုင်း နောအ ဆန်းလျန်း ၊ ဒေါ်စောလှယ်ကိမ်း ၊ မောင်ချစ်မင်းသူ (စစ်တပ် CDM) တို့ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ လေးဦးရှိပြီး ၎င်းအထဲတွင် ကျောင်းအုပ်ဆရာကြီးသားဖြစ်သူနှင့် အခြားတစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ဧပြီလ ၁၁ရက် ယနေ့နံနက်ပိုင်းတွင် သေဆုံးသူများထဲမှ ငါးဦးကို ဝေဘူလမြို့တွင်၎င်း ကျောင်းအုပ်ဆရာကြီးမိသားစုဝင်သုံးဦးနှင့် မောင်ချစ်မင်းသူ တို့၏ အလောင်းကို ဇာသွာလ် ကျေးရွာတွင် ခရစ်ယာန်ထုံးတမ်းအရ သင်္ဂြိုဟ်ပြီးစီးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဧပြီလ ၁၀ရက် ယမန်နေ့ နံနက် ၅နာရီ ၃၀မိနစ်အချိန်တွင် ဖလမ်းမြို့နှင့် ၁၂မိုင်အကွာရှိ ဗားရ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိသည်။

ယင်းသို့ တပ်စခန်းအသိမ်းခံရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့မှုကြောင့် ဗားရ်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့ပြီး တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ သီးသန့် ရှိနေသည့် ဝေဘူလမြို့ကို အကြောင်းမဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required