မီးသင့် မင်္ဂလာစျေး ပြန်ဆောက်ရန်လိုမလိုကို စစ်ဆေးပြီးမှ ဆုံးဖြတ်မည်

မီးသင့် မင်္ဂလာစျေး ပြန်ဆောက်ရန်လိုမလိုကို စစ်ဆေးပြီးမှ ဆုံးဖြတ်မည်

မန္တလေး၊ မတ် ၂၃ ။           ။ ယမန်နေ့က မီးလောင်ခဲ့သည့် မန္တလေးမြို့ရှိ မင်္ဂလာဈေးအား ပြန်ဆောက်ရန်လိုအပ်မှုရှိမရှိကို စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မတ် ၂၃ ရက်၊နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပြုလုပ်ခဲ့သည့် ညှိုနှိုင်းဆွေးနွေးပွဲမှ သိရသည်။

 မင်္ဂလာဈေးအား  အန္တရာယ်ရှိမရှိကိုဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာများ ၊ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီ မှအင်ဂျင်နီယာများ၊မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် နည်းပညာတက္ကသိုလ် (မန္တလေး)မှ ပညာရှင်များနှင့် စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးပြီး ဆုံးဖြတ်သွားမှာဖြစ်ပြီး ကြားကာလတွင်ဆိုင်ခန်းရှင်များ ပစ္စည်းသယ်ယူရန်နှင့်   မြို့တော်စည်ပင်မှသန့်ှရှင်းရေး ဆောင်ရွက်သွားနိုင်ရန် တို့ကို စီစဉ်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ မြို့တော်ဝန် ဦးညွှန့်မောင်ကဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊အဆောက်အဦး၊ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမောင်မောင်ညွှန့်က လက်ရှိမီးဘေးဒဏ်ခံထားရသည့် အဆောက်အဦများ လတ်တလော စစ်ဆေးမှုများအရ ဆိုင်ခန်းပိုင်ရှင်များနှင့် လူနေတိုက်ခန်းနေထိုင် သူများ အနေဖြင့်

၎င်းတို့ပစ္စည်းများ စနစ်တကျသယ်ယူရာတွင်အန္တရာယ်မရှိကြောင်း၊စလစ်ပြင်များ၊ ပိုင်တိုင်များ မီးဘေးသင့်ခဲ့သော်လည်း

ပစ္စည်းသယ်ယူနိုင်သည့်အနေအထားထိရှိနေပြီး နောက်ပိုင်းတွင် နည်ပညာများဖြင့်အဆင့်ဆင့် စစ်ဆေးမှုများ လုပ်ဆောင်ရန်လိုကြောင်း အကြံပြုသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မန္တလေး)တွဲဖက်အတွင်းရေးမှူးဦးသန့်ဇင်ထွေးကလည်း"မီးဘေးသင့်အဆောက်အဦဖြစ်၍ လက်ရှိစစ်ဆေးမှုများအရ ပစ္စည်းသယ်ယူမှုများတွင်အန္တရာယ်ကင်းသော်လည်း တိကျသည့်ကြံ့ခိုင်မှုအဖြေရရှိရေးအတွက် မီးလောင်မှုအပိုင်းလိုက် အင်ဂျင်နီယာနည်းပညာများ၊ ကိရိယာများဖြင့်ဆက်လက်စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်ရမှာဖြစ်ကြောင်း"အကြံပြုတင်ပြသည်။

" မန္တလေး မင်္ဂလာဈေးမှာ ဆွိတီးဟုန်းနေရာကမီးလောင်မှုအများဆုံးနေရာ ဖြစ်ပြီး စလစ်ပြင်တွေ တွန့်သွား တယ်။ ကော်လံတိုင်တွေလည်း မီးနာတယ်။ အင်ဂျင်နီယာနည်းပညာနဲ့ တိုင်းတာစစ်ဆေးမှုတွေလုပ် သွားရမှာ ပါ။"ဟု၎င်းက ပြောသည်။

အဆောက်အဦများ မီးလောင်ပါက အပူရှိန် ၁၅၀-၂၀၀ဒီဂရီစင်တီဂရိတ်ထိခိုက်ခံရပါက ခံနိုင်ရည် ၂၀%၊အပူ ချိန်၃၀၀-ဒီဂရီစင်တီဂရိတ်ဖြစ်ပါက သုံးပုံတစ်ပုံလျော့ကျပြီး အပူချိန်၅၀၀-ထိခိုက်ပါက တစ်ဝက်ခန့် ခံနိုင်ရည် လျော့ကျသွားကြောင်း၊မင်္ဂလာဈေးကိုအစမှ ပြန်လည်တည်ဆောက်ရန်မှာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီးမှ သာဆုံးဖြတ်နိုင်မည်ဖြစ်သည်ဟု ဦးသန့်ဇင်ထွေးက  ပြောသည်။

အဆောက်အဦးကို စစ်ဆေးရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင် က "မီးလောင်မှုကြောင့် အဆောင်အဦရဲ့ စလစ်ပြင်တွေ၊ကော်လံတိုင်တွေ ထိခိုက်မိသွားတာကြောင့် အဆောက် အဦရဲ့ ခံနိုင်ရည်ကိုတွက်ချက်ရမှာပါ။တွက်ချက်ပြီးမှ ဒီအဆောက်အဦကြီးကိုပြန်ဆောက်ရမှာလား ၊ပြုပြင်ရင် ပြန်ကောင်းမလား ဆိုတာ ခေတ်မီကိရိယာတွေနဲ့ တိုင်းတာစစ်ဆေးရမယ်။ ဒီအတွက် စစ်ဆေးရေးအဖွဲ့ အမြန် ဖွဲ့စည်းသွားမှာပါ။"ဟုပြောသည်။

အဆိုပါညှိုနှိုင်းဆွေးနွေးပွဲသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဌ၊ ဒုတိယ မြို့တော် ဝန်ဦးညွန့်မောင်၊အတွင်းရေးမှူးဦးခင်မောင်တင်နှင့် ကော်မတီဝင်များ ၊ဌာနမှူးများ ၊ ဆောက်လုပ်ရေးဦးစီးဌာန၊ တည်ဆောက်ရေးအထူးအဖွဲ့ ၂၊ ညွန်ကြားရေးမှူး ဦးခင်မောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွန်ကြားရေးမှူးဦးမောင်မောင်ညွန့် ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မန္တလေး)တွဲဖက်အတွင်းရေးမှူး ဦးသန့်ဇင်ထွေး၊နည်းပညာတက္ကသိုလ်(မန္တလေး)မြို့ပြအင်ဂျင်နီယာဌာနတွဲဖက်ပါမောက္ခ ဒေါက်တာ လှမျိုးအောင်နှင့် အင်ဂျင်နီယာများတက်ရောက်ဆွေးနွေးကြသည်။

မီးလောင်မှုကြောင့် ဈေးအတွင်း၌ ရုံးခန်းပေါင်း ၇-ခန်း၊ အရောင်းပြခန်း၆-ခန်း၊အထည်ဆိုင်ခန်း ၄၈၁-ခန်း၊ လူနေတိုက်ခန်း ၅၆-ခန်း၊စုစုပေါင်း၅၅၀-တွင် ရုံးခန်း ၁-ခန်း၊ အရောင်းပြခန်း ၅-ခန်း၊အထည်ဆိုင်ခန်း၂၆၃-ခန်းန နှင့် လူနေတိုက်ခန်း ၂၈-ခန်းစုစုပေါင်း ၂၉၇ခန်း စုစုပေါင်း အဆောက်အဦ တန်ဖိုး ကျပ်သိန်း ၅၅၄၇ ဒသမ ၆၀ နှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅၀၀၀ စုစုပေါင်း ကျပ်သိန်း တစ်သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်သည့်ညက မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်၇-ဦး၊ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာအနည်းငယ်ရရှိသောကြောင့် မန္တလေးအထွေထွေကုဆေးရုံကြီးတွင် ကုသနေသည်ဟု ဆေးလူမှုဆက်ဆံရေး ဦးမင်းလွင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly