ရွှေဘိုတွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာရောင်းချနေသည့် စားသောက်ဆိုင်အား ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

By ရောင်နီ (မဇ္ဈိမ)
10 April 2023
ရွှေဘိုတွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာရောင်းချနေသည့် စားသောက်ဆိုင်အား ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အောင်ဇေယျရပ်ကွက်၊ ရွှေဘို-ရေဦးလမ်းအထွက်တွင်ရှိသည့် ဇေယျာ(၁) စားသောက်ဆိုင်ကို ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်လိုက်ကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူကထံမှ သိရသည်။

ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် သတင်းပေးဒလန်ဟုနာမည်ထွက်နေသူများ လာရောက်လေ့ ရှိသော မြန်မာဘီယာရောင်းချနေသည့် အဆိုပါ စားသောက်ဆိုင်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။

“တိုက်ခိုက်မှုက ဆိုင်မှာ မြန်မာစည်ဘီယာကို ရောင်းချနေတယ်။ အဲဒီအချက်ကို ဦးတည်ပြီးတိုက်တာပါ။ နောက်မှ ထပ်သိရတာက သူတို့ဆီကို ဒလန်လို့ နာမည်ထွက်နေတဲ့သူတွေ လာရောက်သောက်သုံးကြ တာမျိုးတွေ ရှိနေပါတယ်။ လက်လုပ်မိုင်းနဲ့ထောင်ပြီး တိုက်ခိုက်တာမှာ လူအထိအခိုက်တော့ မရှိပါဘူး။ ဆိုင်ကပစ္စည်းတွေတော့ ထိခိုက်တာရှိခဲ့ပါတယ်” ဟု Flying Dragon Force Shwe Bo PDF တာ၀န်ရှိသူ က မဇ္စျိမကို ပြောသည်။

ယခုတိုက်ခိုက်ခဲ့သည့် စားသောက်ဆိုင်သည် ရွှေဘို-ရေဦးလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေး ဂိတ်များအနီးတွင်တည်ရှိပြီး ကင်းပုန်းချထားမှုများရှိသည့်ကြားမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။

“အရင်တုန်းက မြန်မာဘီယာတွေကို ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တာတွေ ရှိခဲ့ တယ်။ အခုရောင်းနေတဲ့ ဘီယာတွေကတော့ မြို့တွင်းမှာ ရောင်းမကုန်လို့ကျန်တဲ့ မြန်မာဘီယာတွေကို စျေးပေါပေါနဲ့ ပြန်ယူပြီး ရောင်းနေတဲ့ သဘောဖြစ်ပါလိမ့်မယ်။ လက်ရှိသယ်ပြီး ရောင်းနေတာမျိုး မဟုတ် ပါဘူး။ လက်ကျန်တွေကို ပြန်ရောင်းနေတာမျိုးပဲ နေမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းဖောက်ခွဲမှုအပြီး မြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုများမတွေ့ရ သော်လည်း မြို့အ၀င်အထွက်များတွင် ပိတ်ဆို့စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်သွားမည် ဖြစ်‌သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်ဝေးရာတွင် အထူးသတိပြု သွားလာနေထိုင် ကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ရွှေဘိုမြို့နယ်

#စစ်ကောင်စီတပ်

#စားသောက်ဆိုင်

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly