မြင်းခြံတွင် စစ်ကောင်စီတပ်က အရပ်သားများအား ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချနေ

By 007 (မဇ္စျိမ)
10 April 2023
မြင်းခြံတွင် စစ်ကောင်စီတပ်က အရပ်သားများအား ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်က အပြစ်မဲ့အရပ်သားများကို ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချနေကြောင်း ဒေသခံများထံမှသိရ သည်။

“တွေ့တဲ့လူဖမ်းခေါ်ပြီး ဓားစာခံ လူသားဒိုင်းလုပ်တယ်။ အထုပ်သယ်ပေးခိုင်းတယ်၊ လမ်းပြလုပ်ခိုင်းတယ်၊ အခုထိ အယောက် ၃၀ မကတော့ဘူး။ အဖမ်းခံရပြီး လူသားဒိုင်းအလုပ်ခံထားရတာတဲ့သူတွေကို တချို့ ပြန်လွှတ်ပေးတယ်၊ တချို့တော့ အိမ်ပြန်မရောက်ကြသေးလို့ မိသားစုတွေစိတ်ပူနေကြတာ”ဟု ဒေသခံ တစ်ဦးကပြောသည်။

ဧပြီလ ၇ ရက်နေ့ကစတင်ကာ မြင်းခြံမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သည့် ညောင်ပင်၊ ထိန်ပန်း၊ မီးပေါက်၊ တည်ပင် စသည့်ကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးပြီး အပြစ်မဲ့ အရပ်သား များအားဖမ်းဆီးကာ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက လည်း ဆိုသည်။

“ဒီဘက်မှာက တစ်ချက်တစ်ချက် PDF က ထထလုပ်ရင် သူတို့(စကစ)အထိနာကြတယ်။ ပျူတွေက လမ်း ပြလုပ်ပေးပေမယ့် သူတို့အချင်းချင်းလည်း မယုံကြည်တာတွေရှိတယ်ထင်တယ်။ အဲဒီမှာ ရွာသားတွေကို ဓားစာခံလုပ်တော့တာပဲ” ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ဒေသတွင်းသို့ စစ်ကြောင်းထိုးဝင်လာသည့်စစ်ကောင်စီတပ်နှင့်ပတ်သက်၍ မည်သည့်တပ်ရင်းတပ်ဖွဲ့ဖြစ် ကြောင်း မသိရသေးဟု ဒေသခံများဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဧပြီလ ၇ ရက်နေ့က မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာမှအရပ်သား ၁၄ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီး နောက်တစ်ရက်တွင် ထိန်ပန်းကျေးရွာသား ၃၀ ကျော်ကို လည်း အလားတူအသုံးပြုခဲ့ကြောင်း၊ ဧပြီလ ၉ ရက်နေ့တွင်လည်း ထိန်ပန်းကျေးရွာမှ အထုပ်သယ်လမ်းပြ ဓားစာခံလူသားဒိုင်းအသုံးပြုအဖမ်းခံရသူများကို တည်ပင်ကျေးရွာ၌ ထားခဲ့ကြောင်း၊ ထို့နောက် တည်ပင် ကျေးရွာသားငါးဦးနှင့် မီးပေါက်ကျေးရွာမှငါးဦးတို့ကို ဖမ်းဆီးခေါ်သွားကြောင်း ဒေသတွင်းသတင်းများ အရသိရသည်။

မြင်းခြံမြို့နယ်တွင် ဧပြီလ ၈ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ယုန်ထိုးတောင်အနီး တွင် ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၄ ဦီးသေ ဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို၊ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မန္တလေး PDF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်သည်။

လက်ရှိတွင် မြင်းခြံမြို့နယ်အရှေ့ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့က ဆက်လက် စစ်ကြောင်းထိုး နေပြီး ဓားစာခံ လူသားဒိုင်းအဖြစ်ဖမ်းဆီးနေခြင်းကြောင့် လူလတ်ပိုင်းအမျိုးသားများ နေရပ်စွန့်ခွာထွက် ပြေးနေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#မြင်းခြံမြို့နယ်

#စစ်ကြောင်းထိုး

#လူသားဒိုင်း

#ဓားစာခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly