မြိတ်ခရိုင်အတွင်းမှ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၂ ခုတွင် သင်္ကြန်ပွဲမပြုလုပ်ဖြစ်ဟုဆို

By ကိုရွှေမြိတ် (မဇ္ဈိမ)
10 April 2023
မြိတ်ခရိုင်အတွင်းမှ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၂ ခုတွင် သင်္ကြန်ပွဲမပြုလုပ်ဖြစ်ဟုဆို

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းမှ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်နှစ်ခုတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ကာကျင်းပခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်ခရိုင်တွင် မြိတ်၊ ပုလော၊ တနင်္သာရီနှင့် ကျွန်းစုဟူ၍ မြို့နယ်လေးမြို့နယ်ရှိပြီး လက်ရှိတွင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့၌ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွား နေသည့် ဒေသဖြစ်သည်။

“ ကျွန်တော်တို့ ပုလောမှာတော့ စစ်အုပ်ချုပ်ရေး ကြေညာထားလို့ ဒီနှစ်သင်္ကြန်မှာ ဘာပွဲတော်မှ မရှိပါဘူး။ မဏ္ဍပ်တွေလည်း ဆောက်တာမရှိဘူး”ဟု ပုလောမြို့ပေါ်မှ ရပ်မိ/ ဖ တစ်ဦးကပြောသည်။

တနင်္သာရီမြို့နယ်တွင်လည်း သင်္ကြန်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဦးဆောင်ပြုလုပ်နေခြင်းမျိုး မရှိ ကြောင်း မြို့ခံများထံမှ သိရသည်။

“ဒီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ဒေသဖြစ်နေတော့ သင်္ကြန်အထိမ်းအမှတ် စစ်တပ် က လုပ်နေတာ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျွန်းစုနှင့် မြိတ်မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#စစ်အုပ်ချုပ်ရေး

#မြိတ်ခရိုင်

#သင်္ကြန်ပွဲတော်

#တနင်္သာရီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly