ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်နှင့်ရိက္ခာခြောက် ပြတ်လပ်နေ

By 001 (မဇ္စျိမ)
10 April 2023
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်နှင့်ရိက္ခာခြောက် ပြတ်လပ်နေ

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နှစ်လနီးပါး ဆန်နှင့် ရိက္ခာခြောက်ပြတ်လပ်နေပြီး အချို့မှာ ချေးငှားစားသောက်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။

“သူတို့တွေ ချေးငှားပြီးစားသောက်နေရတယ်။ တချို့ကျတော့လည်း အရေးပေါ်ပေါ့။ အခြားသော ထောက်ပံ့ရေးအဖွဲ့တွေမှာ အကူအညီတွေတောင်းတာမျိုးတွေတော့ရှိတယ်။ ဥပမာ စခန်းတစ်ခုကို ဆန် နှစ်အိတ်သုံးအိတ်ရလာရင် အဲဒါကို ဘူးနဲ့ပြန်ခွဲပြီး စားသောက်နေရတာမျိုးရှိတယ်။ ကျွန်တော်တို့ တရက် တာပဲ ကွင်းဆင်းရသေးတာ။ ဆက်ပြီးတော့ ကွင်းဆင်းကြည့်မယ်ဆိုရင် တော်တော်များများမှာလည်း ရိက္ခာတွေပြတ်တောက်နိုင်တယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

တစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုအရ စစ်ဘေးရှောင်စခန်း ခုနစ်ခုမှ လူဦးရေ ၂,၂၀၀ ကျော်အတွက် ဆန်နှင့် ရိက္ခာခြောက်များ အရေးပေါ်လိုအပ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ‌ဆိုသည်။

အချို့စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ပေးနေသည့် INGO အဖွဲ့ အစည်းများရှိသော်လည်း ထောက်ပံ့ငွေမှာ စစ်ဘေးရှောင်များအတွက် လုံလောက်မှုမရှိကြောင်း သိရ သည်။

“တချို့က အကြွေးဆပ်လိုက်တာတို့၊ ဟိုအရင် စားစရာမရှိတုန်းက ဆန်တွေ၊ ရိက္ခာတွေ အကြွေးယူထား တာပြန်ဆပ်လိုက်တော့ စားဖို့အတွက် သူတို့ အခက်အခဲရောက်နေတာမျိုးတွေလည်း ရှိတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခြင်းကို ပိတ် ပင်ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများပြုလုပ်နေသည့်အတွက် ငွေရှိပါကလည်း အလုံအလောက်ဝယ်ယူရရှိ နိုင်ရန် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် သွေးတိုး၊ ဆီးချိုနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေကြောင်း ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က စစ်ဘေးရှောင် ၅၀ ဦးကျော်ကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးခဲ့သည့် Medic Unit – Demoso အဖွဲ့က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် ပြီးခဲ့သည့် မတ်လမှစတင်ပြီး ယခု ဧပြီလအထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဒီးမော့ဆို အရှေ့ခြမ်းမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေ ရှိနေတုန်းပဲ။ လွိုင်ကော်ဘက်ကနေ ထိုးလာ တဲ့စစ်ကြောင်းရော၊ ဘော်လခဲဘက်ကနေ ဒီးမော့ဆိုအရှေ့ခြမ်း နှစ်ဘက်ညှပ်ပြီးထိုးလာတဲ့ စစ်ကြောင်း ကတော့ ရှိနေတုန်းပဲ။ ထိတွေ့တိုက်ပွဲလည်း နေ့စဉ်နဲ့အမျှဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း လက် နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာတော့ ငြိမ်နေသေးတယ် လို့ ပြောလို့ရပါတယ်”ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် ၂၁,၀၀၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကရင်နီပြည်နယ်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်

#ဒီးမော့ဆိုမြို့နယ်

#စစ်ဘေးရှောင်

#ရိက္ခာပြတ်လပ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly