ရန်ကုန်တိုင်း ရွှေပေါက်က္ကံစက်မှုဇုန်၌ သားရေစက်ရုံ မီးလောင်မှုဖြစ်ပွား

By မဇ္ဈိမ 
10 April 2023
ရန်ကုန်တိုင်း ရွှေပေါက်က္ကံစက်မှုဇုန်၌ သားရေစက်ရုံ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံစက်မှုဇုန်၊ ကနောင်(၂)လမ်းအတွင်းရှိ ဆိုးပြား(သားရေ)စက်ရုံ ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၃ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆင့် (၃)အထိ ရှိခဲ့ရာ မီးသတ်ကားအစီးရေ ၅၀ ဝန်းကျင် လာရောက်ငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

“မနက် ၃ နာရီလောက်လောင်တာ လူခြေတိတ်ချိန် အားလုံးအိပ်မောကျနေတာဆိုတော့ တော်တော်လေး လောင်သွားတယ်။ ကျွန်တော်တို့လမ်းဟိုဘက်ထိပ်မှာ မီးခိုးတွေမွန်းပြီးဘာမှမမြင်ရတော့ဘူး၊ မီးကလည်း ပျက်နေချိန် ဖြစ်နေတယ်။ သားရေစက်ရုံ(ဆိုးပြားစက်ရုံ)ဆိုတော့ လောင်လို့ကောင်းတာပေါ့။ ပြီးတော့ အဲဒီလမ်းထဲမှာက ကော်စက်ရုံတွေပေါတယ်။ တော်သေးတယ်တခြားစက်ရုံတွေမကူးလို့’’ဟု စက်မှုဇုန် အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။

မည်သည့်အကြောင်းကြောင့် မီးလောင်မှုဖြစ်ပွားသည်ကို မသိရသေးဘဲ၊ မကြာခဏ မီးပျက်ခြင်းမှာလည်း မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။

“တစ်နေ့ကပဲ ကျွန်မတို့(၁၆)ရက်ကွက်ထဲမှာဖြစ်သွားတာ၊ တော်သေးတယ်ပြောရမယ်။ အိမ်နီးနားချင်း တွေ အသိမြန်သွားလို့၊ ဒယ်နီကနေ ဝါယာရှော့ဖြစ်တာလေ။ မီးလာလို့ဆိုပြီး ဒယ်နီလေးနဲ့ဆီသပ်ထား တုန်းရှိသေးတယ် မီးကပျက်လိုက်လာလိုက်ဖြစ်နေတော့ မေ့ပြီးမီးခလုတ်မပိတ်မိတာ။ အဲဒီမှာ ဆီတွေ ခမ်းပြီး ဒယ်နီကဝါယာလောင်ပြီး ရှော့ဖြစ်တော့တာပဲ။ ဒါမျိုး ရပ်ကွက်ထဲမှာ ခဏခဏဖြစ်နေကြတယ်။ ကြီးကြီးမားမားမဖြစ်သေးလို့’’ ဟု ရွေပေါက်က္ကံ (၁၆) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း၌ ယခုရက်ပိုင်းတွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားနေပြီး ဧပြီလ ၈ ရက်နေ့က လည်း အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်း၊  အလုံဓာတ်အားခွဲရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ သေးသည်။ 

ဧပြီလ ၉ ရက်နေ့ကလည်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအနောက်ရပ်ကွက်တွင် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သလို အလုံမြို့နယ်၊ ကမ်းနားလမ်း၊ ဆင်မင်းအိမ်ရာဝန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ သေးသည်။

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly