ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

By ရောင်နီ (မဇ္စျိမ)
10 April 2023
ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့၀င်များတပ်စွဲထာားသည့် အဆိုပါရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပိန်းကန်ရဲစခန်းတည့်တည့်ကို ကျပါတယ်။ ၈၁ မမ လက်နက်ကြီးနဲ့ တိုက်ခိုက်တာပါ။ အထိအခိုက်တော့ မသိရသေးဘူး။ ရဲတပ်သားတွေနေတဲ့ လိုင်းခန်းထဲ တည့်တည့်ကျသွားတာဖြစ်တဲ့အတွက် အထိအခိုက် တော့ရှိနိုင်ပါတယ်” ဟု PDF Khayan တာ၀န်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ 

“လက်နက်ကြီးသံတွေ အကျယ်ကြီးကြားလိုက်ရတယ်။ ကျန်တာတော့ မသိရသေးဘူး။ ပိန်းကန်ရွာက ခရမ်းမြို့နယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွာကြီးပါ။ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း ပိန်းကန်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ကြားလိုက်သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပိန်းကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က  ခရမ်းမြို့အ၀င်အထွက်နှင့် မြို့တွင်းနေရာ များတွင် လုံခြုံရေးတိုးမြှင့်ချထားကာ လက်ရှိအချိန်အထိ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများထံက သိရသည်။ 

ယမန်နေ့ ဧပြီလ ၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ကလည်း ခရမ်းမြို့မရဲစခန်းကို PDF Khayan က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲငါးဦးထိခိုက်ဒဏ်ရာရရှိကာ နှစ်ဦးမှာ သေဆုံးနိုင်ခြေရှိကြောင်း ကာကွယ်ရေးတပ်တာ၀န်ရှိသူက ဆိုထားသည်။

“ကျွန်တော်တို့ ခရမ်းပြည်သူတွေအနေနဲ့ ခရမ်း(PDF)အဖွဲ့ကို ကူညီပေးကြပါ။ အသွားအလာတွေ အထူး သတိထားကြပါ။ လိုအပ်မှ အပြင်ထွက်ကြပါ။ အကြမ်းဖက်စစ်ကောင်စီနဲ့ အဝေးဆုံးမှာ နေပေးကြပါ” ဟု  ၎င်းက ပြည်သူများကို တိုက်တွန်းထားသည်။

PDF Khayan သည် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို  မြို့ပြပြောက်ကျား စစ်ဆင်ရေးနည်း လမ်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။ 

ထို့သို့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် လိုအပ်သည့်လက်နက်ခဲယမ်းများ ၀ယ်ယူဖြည့်တင်းနိုင် ရန်အတွက်လည်း "အကြွေးပြန်ယူမယ်" သိန်း ၅၀၀ အမည်ဖြင့် ကမ်ပိန်းပြုလုပ်လျက်ရှိကြောင်း သိရ သည်။ 

“လိုအပ်ချက်တွေများတယ်ဗျ။ ဒါပေမယ့် ရှိမှ ရမှ လုပ်ရမှာ မဟုတ်ဘူးလေ။ ရှိတာနဲ့ ရတာနဲ့ လုပ်နိုင်ရ မယ်။ ပြည်သူက ပံ့ပိုးကူညီပေးကြရင် ဒီထက်ပိုအားကောင်းစေပါတယ်” ဟု PDF Khayan တာ၀န်ရှိသူက ပြောသည်။ 

“အကြွေးပြန်ယူမယ်" သိန်း ၅၀၀ ကမ်ပိန်း၏ ကာလကို ဧပြီလ ၁၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ရက် ပေါင်း ၃၀ သတ်မှတ်ထားကာ  ရရှိလာသည့် တော်လှန်ရေးရန်ပုံငွေများကို သေနတ်နှစ်လက်နှင့် ခဲယမ်း များ ဝယ်ယူဖြည့်တင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင်  စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့နင့် ပတ်သက်ဆက်နွယ်သူများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ  တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ 

စစ်ကောင်စီတပ်ဖွဲ့ကလည်း မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး  ဒေသခံများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly