ဘရက်ဆဲလ်အကြမ်းဖက်မှု တရားခံများနှင့် ပတ်သတ်သော နောက်ဆုံးရသတင်းများ

ဘရက်ဆဲလ်အကြမ်းဖက်မှု တရားခံများနှင့် ပတ်သတ်သော နောက်ဆုံးရသတင်းများ

ဘရက်ဆဲလ်၊ မတ်၊ ၂၃။            ။ ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ၏ မြို့တော် ဘရက်ဆဲလ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် မြေအောက်ရထားဘူတာရုံ တစ်ခုတို့တွင် ဖြစ်ပွားခဲ့သော လူပေါင်း ၃၀ ခန့်သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှု တရားခံများနှင့်ပတ်သတ်သော နောက်ဆုံးရသတင်းများကို စုစည်းတင်ဆက်ပေးလိုက်ပါသည်။

IS အဖွဲ့၏ ကြေညာချက်

ဘရက်ဆဲလ်မြို့ရှိ ဇာဗင်တမ်လေဆိပ်နှင့် မြေအောက်ရထားဘူတာရုံတစ်ခုတို့တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အစွန်းရောက်အကြမ်းဖက်အဖွဲ့ IS ကကြေညာထားသည်။

အသေခံဗုံးခွဲသမားဟုယူဆရသူ ညီအစ်ကို နှစ်ဦး

ဇာဗင်တမ်လေဆိပ်တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှစ်ခုအနက်မှ အနည်းဆုံးတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး ထိုတိုက်ခိုက်မှုကိုကျူးလွန်ခဲ့သည်မှာ ဘယ်လ်ဂျီယံနိုင်ငံသားညီအစ်ကိုနှစ်ဦးဖြစ်သည့် ခါလစ် နှင့် ဘရာဟင် အယ်လ်ဘာခါဝီ တို့ဖြစ်နိုင်ကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိထားပြီး ၎င်းတို့၏ ဓါတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

ယင်းညီအစ်ကိုနှစ်ဦးသည် ရာဇဝတ်မှုမှတ်တမ်းရှိသူများဖြစ်သော်လည်း အကြမ်းဖက်မှုနှင့်ဆက်စပ်သည့် မှတ်တမ်းမရှိချေ။

၎င်းတို့နှစ်ဦးအနက်မှ ခါလစ်သည် အိမ်တစ်လုံးကို နာမည်တုနှင့် ငှားရမ်းထားကြောင်း တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က အဆိုပါအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေလျှက်ရှိသည်။

တက္ကဆီသမား

ပေါက်ကွဲမှုများဖြစ်ပွားအပြီးတစ်နာရီခန့်အကြာတွင် လေဆိပ်လုံခြုံရေးထံမှရရှိသော ဓါတ်ပုံတစ်ပုံကို ရဲတပ်ဖွဲ့ကထုတ် ပြန်ခဲ့သည်။ ယင်းဓါတ်ပုံထဲတွင် အသေခံဗုံးခွဲခဲ့သူဟု ယူဆထားသည့် ခါလစ်နှင့် ဘာခါဝီတို့ ညီအစ်ကိုနှစ်ဦးအပြင် အခြားအမျိုးသားတစ်ဦးလည်း ပါဝင်လျှက်ရှိသည်ကိုတွေ့ရသည်။ အဆိုပါအမျိုးသားမှာ ဂျာကင်အဖြူဝတ်ဆင်ထားပြီး ဦးထုပ်တစ်လုံးဆောင်းထားသည်။

၎င်းတို့ ၃ ဦးသည် တက္ကဆီတစ်စီးထဲမှအတူတူထွက်လာကြခြင်းဖြစ်ကြောင်းကိုလည်း လုံခြုံရေးကင်မရာမှတ်တမ်းများအရ တွေ့ရှိထားသည်။ လေဆိပ်ထဲသို့အရောက်တွင် ခါလစ်တို့ညီအစ်ကိုနှစ်ဦးက အသေခံဗုံးခွဲခဲ့သော်လည်း ဂျာကင်အဖြူနှင့် လူမှာ လေဆိပ်ထဲတွင်ဗုံးထောင်ထားခဲ့ကာ ပြန်ထွက်သွားသည်ဟု အာဏာပိုင်များကယူဆလျှက်ရှိကာ ဂျာကင်အဖြူနှင့် လူကို အလိုရှိသူ အဖြစ်ကြေညာချက်ထုတ်ထားသည်။

ဂျာကင်အဖြူနှင့်အမျိုးသားမှာလည်း အသေခံဗုံးခွဲရမည့်သူဖြစ်သော်လည်း အစီအစဉ်အတိုင်းမလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း နှင့် လေဆိပ်အတွင်းမှ ရိုင်ဖယ်သေနတ်တစ်လတ်ရှာဖွေတွေ့ရှိထားသည်ဟု ဘယ်လ်ဂျီယံမီဒီယာများက ထုတ်ပြန်လျှက် ရှိသည်။

ခါလစ်တို့ညီအစ်ကို နှင့် ဂျာကင်အဖြူဝတ်အမျိုးသားတို့၏ ဓါတ်ပုံကိုထုတ်ပြန်ပြီး မကြာမီမှာပင် တက္ကဆီသမားတစ်ဦးက ရဲတပ်ဖွဲ့ထံဆက်သွယ်လာခဲ့သည်။

ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည့် ဓါတ်ပုံထဲမှ အမျိုးသား ၃ ဦးကိုလေဆိပ်သို့ သူပို့ပေးခဲ့ရကြောင်း၊ ၎င်းတို့က အထုပ်အပိုးများ ကို သယ်ခွင့်မပေးဘဲ ၎င်းတို့ဘာသာ အတင်အချလုပ်ကြကြောင်း တက္ကဆီသမားကပြောကြားခဲ့ပြီး ယင်းအမျိုးသား ၃ ဦးက ၎င်း၏ကားကို မည်သည့်နေရာမှငှားရမ်းခဲ့သည်ဆိုသည်ကိုလည်း ရဲတပ်ဖွဲ့ထံ ပြောပြခဲ့သည်။

တက္ကဆီသမားထံမှ ရရှိသည့်သဲလွန်စနှင့် အခြားသဲလွန်စများကိုပေါင်းစပ်ပြီး ဘယ်လ်ဂျီယံရဲတပ်ဖွဲ့သည် ဘရက်ဆဲလ်မြို့ အရှေ့မြောက်ဘက်ရှိ အိမ်ခန်းတစ်ခန်းကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ဗုံးတစ်လုံး၊ ဓါတုပစ္စည်းများ နှင့် IS အလံတစ်ခု တို့ကို သိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်တွင် မှုခင်းအရာရှိများသည် ထိုအိမ်ခန်းကို စစ်ဆေးနေဆဲဖြစ်ပြီး သဲလွန်စများဆက်လက်ရှာဖွေလျှက်ရှိသည်။

ဗုံးအမျိုးအစား

လေဆိပ်တွင်ပေါက်ကွဲခဲ့သော ပေါက်ကွဲမှု ၂ ခုအနက် တစ်ခုမှာ လက်ဆွဲသေတ္တာအတွင်းထည့်ထားသော ဗုံးမှ ပေါက်ကွဲခြင်း ဖြစ်နိုင်သည်ဟု တာဝန်ရှိသူများကယူဆလျှက်ရှိသည်။

ပေါက်ကွဲခဲ့သောဗုံးအမျိုးအစားများမှာ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွင်း အသုံးပြခဲ့သည့် ဗုံးနှင့် အမျိုးအစားတူ၊မတူဆိုသည်ကိုလည်း ကျွမ်းကျင်သူများက စစ်ဆေးလျှက်ရှိသည်။

ပဲရစ်တွင် ပေါက်ကွဲခဲ့သောဗုံးမှာ ထရိုင်ယာဆီတုန်း ထရိုင်ပါအောက်ဆိုဒ် ခေါ် TATP ဖြင့်ပြုလုပ်ထားသောဗုံးဖြစ်သည်။

ထိုကဲ့သို့ဗုံးအမျိုးအစားပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများမှာ အလွယ်တကူဝယ်ယူရရှိနိုင်သော ပစ္စည်းများဖြစ်သဖြင့် ပြီးခဲ့သည့် ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများသည်ဆယ်စုနှစ်တစ်ခုအတွင်း အနောက်နိုင်ငံများကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ထိုဗုံးအမျိုးအစားကို အများဆုံးအသုံးပြုခဲ့သည်။

အကယ်၍ ယခုဘရက်ဆဲလ်တွင် ပေါက်ကွဲခဲ့သောဗုံးမှာ ပဲရစ်တွင် ပေါက်ကွဲခဲ့သောဗုံးနှင့် အမျိုးအစားချင်းတူနေမည် ဆိုပါက အကြမ်းဖက်မှုနှစ်ခုကြားတွင် ဆက်စပ်မှုရှိနေကြောင်း ဖော်ပြသည့် အဓိကသဲလွန်စဖြစ်လာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly