စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 April 2023
စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုရှိ သဲဖြူကျေး ရွာတွင် ဧပြီလ ၉ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် နှစ်ဖက်တိုက်ခိုက်မှုများကြောင့် စစ်ရေးတင်မားနေချိန်တွင် ဧပြီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာနှင့် သဲဖြူရွာတို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း  မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက“တိုက်ပွဲက မနေ့ကဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ နှစ်ဖက်အကျအဆုံးမရှိဘူး။ ဒါပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်း အပါ ဝင် နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးသွားတာမျိုးတော့ ရှိတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာချိန်အတွင်း လမ်းတစ်လျှောက်ရှိ ချောင်းနှစ်ပေါက်၊ သိန်ခွန်းနှင့် သဲဖြူရွာတို့ရှိ နေအိမ်နှင့်ဈေးဆိုင်အချို့ကိုပါ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး နေအိမ်ရှိပစ္စည်းများကို လည်း ခိုးယူသွားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမယ့် အဲ့ဒီနေ့မှာပဲ အခြားနေရာတွေမှာဖြစ်တဲ့ တိုက်ပွဲမှာ တော့ စစ်ကောင်စီတပ်သားတွေ သေတာရှိတယ်”ဟု မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောကြားသည်။

မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ယင်းနေ့တွင်ဖြစ်ပွားခဲ့သော အခြားတိုက်ပွဲ များဖြစ်သော ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနစ်ဦးထက် မနည်းသေဆုံးခဲ့သည့်အပြင် သိန်ခွန်းရွာအနီးတိုက်ပွဲတွင် ၁၀ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ကြောင်း ယင်း အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတိုက်ပွဲဖြစ်နေသည့် တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့ဖြစ်ပြီး မကြာခဏတိုက်ပွဲ ဖြစ်ပွားနေသည့်ဒေသလည်း ဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required