Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင် ၃ ဦးကို မော်လမြိုင်အကျဉ်းထောင်သို့ ပို့ဆောင်

By သွင်ထူးဈာန် ကော်သူးလေ(မဇ္ဈိမ)
10 April 2023
Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင် ၃ ဦးကို မော်လမြိုင်အကျဉ်းထောင်သို့ ပို့ဆောင်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ ဘက်သို့ပြန်ပို့ခံရသည့် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့က မော်လမြိုင်အကျဉ်းထောင်သို့ ဧပြီလ ၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံ သူများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါဓာတ်ပုံတွင် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုသီဟ(ငှက်မဲ)နှင့် ပြန်ကြား ရေးတာဝန်ခံ ကိုထက်နေဝန်းတို့နှစ်ဦးကို မျက်လုံးအားအဝတ်ဖြင့်စည်းကာ ကားတစ်စီးပေါ်တွင် ဖမ်းဆီး ထားကြောင်း တွေ့ရသည်။ 

ဖမ်းဆီးခံရသူ သုံးဦးတွင် စောဖြိုးလေးကို ဓာတ်ပုံထဲတွင် မတွေ့ရှိရပေ။ စောဖြိုးလေးသည် BGF တပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ရင်ဘက်ကျည်ထိမှန်ကာသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“ပုံထဲမှာက နှစ်ယောက်ပဲတွေ့တယ် ကျန်တယောက်အခြေနေကိုတော့ မသိသေးဘူး သင်္ဃန်းညီနောင် ဗျူဟာကုန်းကနေ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်တယ်၊ လောလောဆယ် သူတို့ကျန်းမာရေး အခြေနေကိုမသိရသေးဘူး”ဟု နီးစပ်သူများထံမှ သိရသည်။

၎င်းတို့သုံးဦးသည် ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ဆေးခန်းပြပြီးအပြန် ထိုင်းလဝက၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့်သူများကို ဥပဒေရ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဧပြီလ ၅ ရက်နေ့တွင် ထိုင်းလဝကမှ အင်ကြင်းမြိုင် BGF ဂိတ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ 

BGF တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပို့ဆောင်ခံရသူ သုံးဦးထဲမှ  နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ထိုင်းလဝကအနေဖြင့် BGF တပ်ဖွဲ့ထံ လွှဲပြောင်းပေးမှုကို နိုင်ငံရေးအသိုင်းအဝိုင်းများနှင့် ထိုင်းအတိုက်အခံပါတီများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly