သံဖြူဇရပ်တွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်၌ ပါဝင်ဆင်နွဲခြင်းမပြုရန် ဗုံးခွဲသတိပေး

By ဂျူချန်း (မဇ္ဈိမ)
09 April 2023
သံဖြူဇရပ်တွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်၌ ပါဝင်ဆင်နွဲခြင်းမပြုရန် ဗုံးခွဲသတိပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီကကျင်းပမည့် သင်္ကြန်၌ ဝင်ရောက်ဆင်နွဲခြင်းမပြုရန် သတိပေးသည့်အနေဖြင့် ဆောက်လက်စသင်္ကြန်မဏ္ဍပ်အနီးတွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က  ဗုံးဖောက်ခွဲသတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ဧပြီလ ၉ရက်နေ့ နေ့လယ် ၁နာရီခန့်တွင်  သံဖြူဇရပ်မြို့နယ်၊ ထွေအုပ်ရုံးအနီးရှိ ဆောက်လက်စသင်္ကြန်မဏ္ဍပ်အနီးဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။အမှုတစ်ခုဖြင့် စစ်ကောင်စီက သိမ်းထားသော ကားတစ်စီးအား မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီတော်လှန်ရေး ပြောက်ကျားလှုပ်ရှားနေသည့် The Revolutionary Force For Justice(TRFFJ) အဖွဲ့က မဇ္ဈိမကိုပြောသည်။

"ဆောက်လက်စ သင်္ကြန်မဏ္ဍပ်အနီး ကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ ထွေအုပ်ရုံးဝင်းထဲက အမှုရင်ဆိုင်နေတဲ့ ကား။ မဏ္ဍပ်မှာ ရေကစားတာ၊ ယိမ်းကတာတာတွေ ဆက်လုပ်မယ်ဆို ကျန်တဲ့ မိုင်းတွေ ဖောက်ခွဲမှာဖြစ်လို့ လာရောက်တဲ့ပြည်သူတွေ ထိခိုက်ရင် တာဝန်ယူမှာ မဟုတ်ပါဘူး။ ခုတော့လူမထိခိုက်အောင် သတိပေးတဲ့အနေနဲ့ လုပ်ခဲ့တာပါ” ဟု TRFFJ အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လာမည့်သင်္ကြန်ကာလတွင် စစ်ကောင်စီက ဦးစီးကျင်းပမည့် သင်္ကြန်ပွဲတော်၌ ပြည်သူများ ဝင်ရောက်ဆင်နွဲခြင်းမပြုကြရန် ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများက သတိပေးနေကြသည်။ ယနေ့ နံနက်ပိုင်းတွင်ပင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ စစ်ကောင်စီက ဆောက်လုပ်နေဆဲ သင်္ကြန်မဏ္ဍပ်နှင့် ပဲခူးတိုင်း၊ပေါင်းတည်မြို့ဗဟိုမဏ္ဍပ်အနီးတွင် တော်လှန်ရေးအင်အားစုများက မိုင်းဖောက်ခွဲ သတိပေးခဲ့သည်။

ပြည်သူများအနေဖြင့် တော်လှန်သင်္ကြန်အနေဖြင့်သာ ဖြတ်သန်းကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် မြို့ပြပြောက်ကျားအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည်ဟု သတိပေးနေကြသည်။

မွန်ပြည်နယ်၊ ရေးမြို့မှ လူငယ်တစ်ဦးကမူလတ်တလော နိုင်ငံရေးအခြေအနေများကြောင့် လာမည့် သင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲမည်မဟုတ်ဟု ဆိုသည်။

“စကစက မြန်မာလူမျိုးတွေ အပျော်မက်မှန်းသိတော့ အကြီးကြီးလုပ်နေကြတယ်။ ကျနော်ကတော့ ဒီပွဲမှာ နည်းနည်းလေးမှတောင် ပါဝင်သွားမှာ မဟုတ်ပါဘူး။ အဓိကက ကိုယ်ချင်းစာစိတ်ပေါ့။ ကျနော်တို့ ရွယ်တူတွေ၊ ကျနော်တို့ထက်ငယ်တဲ့သူတွေနဲ့ လူကြီးတွေက နေရာမျိုးစုံမှာ ဆင်းရဲဒုက္ခပေါင်းစုံကို ခံစားနေကြရတယ်။ တော်လှန်ရေးအင်အားစုကလည်း တော်လှန်သင်္ကြန်လုပ်ဖို့ တိုက်တွန်းတာကို အပြည့်အဝ ထောက်ခံပါတယ်” ဟု အဆိုပါ လူငယ်ကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required