NUG က ဂန့်ဂေါမြို့နယ်မှ အခြေခံကျောင်းများကို ကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့၊ ယခင်နှစ်ထက် ၁ဆကျော် တိုးထောက်ပံ့နိုင်

By ပါခွီး(မဇ္စျိမ)
09 April 2023
NUG က ဂန့်ဂေါမြို့နယ်မှ အခြေခံကျောင်းများကို ကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့၊ ယခင်နှစ်ထက် ၁ဆကျော် တိုးထောက်ပံ့နိုင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကြားကာလ ပညာသင်ကြားရေး အခြေခံပညာကျောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာနက ကျပ်သိန်း၃၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဧပြီလ ၆ရက်တွင်ထုတ်ပြန်သည်။

ကျောင်းသား ၅၀ ဦးလျှင် တစ်ယူနစ်သတ်မှတ်ပြီး တစ်ယူနစ်လျှင် ကျပ်၁၅၀,၀၀၀နှုန်း ဖြင့် ၂၀၅ ယူနစ်စာအတွက် ကျပ် ၃၀,၇၅၀,၀၀၀ ထောက်ပံ့ခြင်းဟု သိရသည်။

" ပညာရေးဝန်ကြီးဌာနက ကျောင်းသားအရေအတွက်နဲ့ ကျောင်းတွေကို တိုက်ရိုက် ထောက်ပံ့တာပါ” ဟု ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

အဆိုပါ ထောက်ပံ့‌ငွေများကိုယူနစ်တစ်ခုချင်းစီအလိုက် သုံးစွဲရမည့် ခေါင်းစဉ်များ ရေးဆွဲသတ်မှတ်ထားပြီး ကျောင်းသားနှင့် ဆရာများအား ထောက်ပံ့ရန် ၊ သင်ထောက်ကူပစ္စည်းများနှင့် ရုံးလုပ်ငန်းများသုံးစွဲရန်၊ ကျောင်းလှုပ်ရှားမှုများတွင် သုံးစွဲရန်နှင့် အထွေထွေကိစ္စများအတွက် ရာထား သတ်မှတ်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

NUG ပညာရေးဝန်ကြီးဌာနထံမှ ယမန်နှစ်တွင်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ရရှိခဲ့ပြီး ယခုနှစ်တွင် ထောက်ပံ့ငွေတစ်ဆကျော်ပိုရခြင်းဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဆိုသည်။

ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်ပညာရေးတာဝန်ခံ၊ ပညာရေးဘုတ် တွဲဖက်အတွင်းရေးမှူး၊ ပညာရေးဘုတ်အဖွဲ့ဝင်များ ၊ ကျန်းမာရေးတာဝန်ခံ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်းမှူးနှင့် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကျောင်းတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း ကြားကာလ ပညာသင်ကြားရေး ပြည်သူ့အခြေပြုကျောင်းများကို ၂၀၂၂ခုနှစ် ဧပြီလမှစ၍ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကျောင်းပေါင်း ၉၃ကျောင်းတွင် ကျောင်းသားဦီးရေ ၁၅,၃၄၉ ဦး ကို CDM နှင့် စေတနာ့ပညာရေးဝန်ထမ်း ၁,၅၀၇ ဦးတို့က ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စာတည်း ။ ။ မောင်ကြီး

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required