တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီးကာ အကြမ်းဖက် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထား

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
09 April 2023
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီးကာ အကြမ်းဖက် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထား
ပုံ ဘန်းလမွတ်ရွာခံ ဖမ်းဆီးခံရသူ ၃ ဦး ဖြစ် သည်။

တနင်္သာရီတိုင်း ၊  တနင်္သာရီမြို့၊ ဘုတ်ပြင်းမြို့နှင့် ထားဝယ်မြို့နယ်တို့ရှိ ဒေသခံ အမျိုးသား ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး PDF အဖွဲ့အစည်းနှင့် ပတ်သက် ဆက်နွှယ်မှု ရှိဟု ဆိုကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း ဒေသခံများထံက သိရ သည်။

 တနင်္သာရီမြို့နယ်ရှိ ဘန်းလမွတ်ကျေးရွာနေ ဥယျာဉ်ခြံ လုပ်ကိုင်နေသည့် ဒေသခံ အမျိုးသား သုံးဦး ဖြစ်သော ကိုဟိန်းမင်းသူ အသက် ၂၆ နှစ်၊ ကိုချမ်းမြေ့ဇော် အသက် ၁၉ နှစ်၊ ကိုဖြိုးမင်းခန့် (ခ) ပိုင်ဇေရဲထွေး အသက်  ၂၁ နှစ်တို့ကို  စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က) ဖြင့် ဧပြီလ ၇ ရက်က အမှုဖွင့်ထားသည်။ 

ထို့ပြင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာနေ ဆိုင်ကယ်ပြင်ဆိုင်တွင် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးနှင့် မောင်မယ်ရှောင်ကျေးရွာနေ ဒေသခံ အမျိုးသား တစ်ဦးတို့ကို PDF အဖွဲ့အား သွယ်ဝိုက်ပြီး ထောက်ခံ ပံ့ပိုးပေးနေသူဟူသော စွပ်စွဲချက်ဖြင့် ထားဝယ်မြို့မ ရဲစခန်း၌ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ-၅၀(ည)/ ၅၁(ဂ) အရ အရေးယူထားကြောင်း ဒေသခံများနှင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တို့တွင် ရေးသား ဖော်ပြထားသည်။

ဘန်းလမွတ်ရွာခံ တစ်ဦးက“ဖမ်းခံရတာ ဟုတ်ပါတယ်။  လူလတ်ပိုင်းတွေ ဖြစ်တယ်။ PDF အဖွဲ့ကို တစ်နည်းနည်းနဲ့ ငွေကြေး ထောက်ပံ့နေတယ် ဆိုပြီး လာဖမ်းသွားတယ်”ဟု ပြော သည်။

ထို့ပြင် ဧပြီလ ၈ ရက်နေ့က ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာအုပ်စု၊ ကမာချောင်းကျေးရွာတွင် စက်သုံးဆီ အရောင်း/ဝယ် လုပ်ကိုင်နေသူ တစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး  ဘုတ်ပြင်းမြို့မရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဒေသခံများထံက သိရသည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း တနင်္သာရီ မြို့ပေါ်ရှိ ဒေသခံ ဦးရေ ၃၀ ကျော်ကို စစ်ကောင်စီက ညဘက်တွင် ဝင်ရောက် ဖမ်းဆီးပြီးနောက် အမျိုးသမီး ကိုးဦးကို အကြမ်းဖက် ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူခဲ့ကာ ကျန်သူများကို ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေးပြီး ပြန်လည် လွတ်ပေးခဲ့သည်ဟု ဒေသခံ သတင်း အရင်းမြစ်များထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly