မြောက်ဦးမှာ ထိန်းသိမ်းရမယ့် ရှင်သန်ဆဲ အမွေအနှစ်နဲ့ ပြိုပျက်နေတဲ့ခန့်ညားထည်ဝါမှု

မြောက်ဦးမှာ ထိန်းသိမ်းရမယ့် ရှင်သန်ဆဲ အမွေအနှစ်နဲ့ ပြိုပျက်နေတဲ့ခန့်ညားထည်ဝါမှု

မြောက်ဦး၊ရခိုင် (Myanmar Now) - မြန်မာနိုင်ငံရဲ့ အရေးပါဆုံး ယဉ်ကျေးမှုအမွေအနှစ်များအနက်က နေရာတစ်ခုဖြစ်တဲ့ ရခိုင်ရှေးမင်းနေပြည်တော်မြောက်ဦးမြို့ရဲ့ သမိုင်းကို မှတ်တမ်းတင်ထားတဲ့   ရှေးဟောင်းသုတေသန ပြတိုက်ဟာ စာလုံးပျက်ဆိုင်းဘုတ်ဟောင်းတစ်ခုရှိတဲ့ ခပ်ရိုးရိုးခပ်ကုပ်ကုပ်တစ်ထပ် အဆောက်အအုံတစ်ခုပါပဲ။

နန်းတော်ရာဟောင်းနေရာမှာ တည်ရှိတဲ့ ဒီပြတိုက်မှာ အဓိကခန်းမကြီးတစ်ခုရှိပြီး ဘေးဘက်အခန်းသုံးခုမှာတော့ လက်ရာမြောက် ကျောက်ဆစ်ရုပ်တွေအပြင် သပ္ပာယ်တင့်တယ်လှတဲ့   ကြေးဗုဒ္ဓဆင်းတုတော်တွေ၊ လှပခန့်ညားစွာရှိနေတဲ့ ကျောက်ပြားတွေကိုတွေ့ရပါတယ်။ ဒီထဲကလက်မှုအနုပညာအချို့ဟာ ၈ရာစုနှစ်လောက်ကဖြစ်ပြီး အများအပြားကတော့ မြောက်ဦးခေတ် အထွတ်အထိတ်ကာလဖြစ်တဲ့ ၁၅ရာစု၊ ၁၆ရာစုလက်ရာတွေပါ။

နိမ့်လွန်းတဲ့မျက်နှာကျက်၊ အားနည်းတဲ့အလင်းရောင်၊ ခရီးသွားဧည့်သည်လာရောက်မှုနည်းပါးခြင်း၊ အဖိုးတန်ပစ္စည်းတွေကို ဖြစ်သလို ခင်းကျင်းထားတဲ့ပုံစံနဲ့   ပြတိုက်ဟာအမေ့ခံထားရတဲ့   ရှေးဟောင်းမြို့တော် စောင့်ရှောက်ထိန်းသိမ်းဖို့ အမြန်လိုအပ်နေတဲ့ အခြေအနေကိုဖော်ပြနေပါတယ်။

ရခိုင်ပြည်နယ်ကို ကျွန်မရောက်လာခဲ့ရတာက မြောက်ဦးမြို့ကို လည်ပတ်ကြည့်ရှုဖို့မဟုတ်ဘဲ တိုင်းရင်းသားမီဒီယာ ဆွေးနွေးပွဲတစ်ခုမှာ ကူညီဆောင်ရွက်ပေးဖို့ပါ။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့အကြား ဒီဇင်ဘာလ တိုက်ပွဲဒဏ်တွေခံခဲ့ရတဲ့ဒေသခံများနဲ့ ခရီးစဉ်အတွင်း တွေ့ဆုံမေးမြန်းဖို့လည်း စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်နာမည်ကျော် ဗျူရိုကရေစီစနစ်ကြောင့် ခွင့်ပြုချက် အဆင့်ဆင့်တောင်းဖို့ လိုအပ်နေတဲ့အတွက် အဲဒီလိုတွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ဘေးသင့်ဒေသတွေကို သွားဖို့အတွက် စစ်တွေမှာရှိတဲ့ ပြည်နယ်ပြန်ကြားရေးဝန်ကြီးဌာန ခွင့်ပြုချက်လိုမယ်လို့ ကျွန်မကိုပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနကိုလည်းရောက်ရော နယ်စပ်ရေးရာ၊ လူဝင်မှုကြီးကြပ်ရေးအပါအဝင် ဌာနလေးခုက ထောက်ခံချက်ထပ်လိုပါမယ်လို့ ကျွန်မကိုပြောပြန်ပါတယ်။ အဲဒါတွေလုပ်ဖို့အတွက် အချိန်မရှိပါဘူး။ ကျွန်မစစ်တွေကို ပြန်သွားပြီး ခွင့်ပြုချက်တွေ တောင်းဖို့မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရတဲ့အချိန်ကိုငဲ့ပြီးတော့ ကျွန်မဟိုးအရင်ကတည်းက ရောက်ဖို့တောင့်တခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ရှိရာမြောက်ဦးကိုပဲ လာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သေးငယ်ပြီးဖုန်တွေထူနေတဲ့ ဒီမြို့လေးဟာတစ်ချိန်က ခန့်ညားထည်ဝါမှုတွေရှိပြီး အခုတော့ တဖြည်းဖြည်း ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ၁၅ရာစုနဲ့ ၁၆ရာစုဗုဒ္ဓဘာသာဘုရားကျောင်းတွေ အကြားမှာ သက်ဝင်လှုပ်ရှား နေဆဲပါ။

ရှေးခေတ်ဟောင်းအငွေ့အသက်

မြောက်ဦးစေတီတွေဟာ ညိုညိုမှောင်မှောင်အရောင် အဆင်းနဲ့ပါ။ တည်ဆောက်ထားတဲ့ အုတ်တွေဟာလည်း ဒေသရဲ့ပူပြင်းတဲ့ နွေရာသီတွေ၊ အားကောင်းတဲ့ မိုးရာသီတို့ကြောင့်   ဖြစ်လာတဲ့ရေညှိတွေတက်နေပါတယ်။ ဒါကြောင့်မြန်မာပြည်မှာတွေ့မြင်နေကျ ရွှေပိန်းနေအောင်ချထားတဲ့ ဘုရားတွေလိုမဟုတ်ဘဲ အဆောင်အယောင်တွေ၊ အဆင်တန်ဆာတွေမရှိတဲ့   ရှေးခေတ်ဟောင်းရဲ့ အငွေ့အသက်ကိုပေးပါတယ်။ တချို့ဘုရားတွေမှာ အမိုးတွေမရှိတော့သလို ဆင်းတုတွေ၊ စေတီတွေရဲ့နံဘေးမှာ သစ်ပင်ခြုံနွယ်တွေ ပေါက်နေလို့ ဒီမြင်ကွင်းတွေက ရှေးခေတ်ကာလကို ပြန်ပြောင်းမှန်းဆမိစေပါတယ်။

အတွင်းပိုင်းမှာတော့ ခန့်ခန့်ညားညားထည်ထည်ဝါဝါပါပဲ။ ရှည်လျားတဲ့ ကျောက်လမ်းတစ်လျှောက် ရုပ်ပုံအသေးလေးတွေ အနုစိတ်ထုဆစ်ထားပြီး ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ ဗုဒ္ဓဆင်းတုတော်တွေကလည်း   ထောင်နဲ့ချီရှိနေပါတယ်။ မြောက်ဦးဟာ နိုင်ငံအလယ်ပိုင်းရှေးဟောင်းမြို့တော် ပုဂံမှာလောက်ဘုရား၊ စေတီတွေမများပါဘူး။ ပုဂံမှာကတော့ခရီးသွားလုပ်ငန်းတွေ၊ အစိုးရနဲ့ အဆက်အသွယ်ကောင်းတဲ့ ကုမ္ပဏီတွေရဲ့ ဟိုတယ်လုပ်ငန်းတွေထူထောင်ဖို့ ရှေးဟောင်းအမွေအနှစ်ဇုန်ထဲမှာ နေထိုင်သူရွာသားတွေကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ဒီမှာတော့ ဒီလိုမဟုတ်ပါဘူး။ သမိုင်းထဲကမြို့တော်ဟာ တိုင်းရင်းသားရခိုင်လူမျိုးတို့ရဲ့ နေ့စဉ်ဘဝနဲ့ တစ်သားတည်းရှိနေတာမို့ ဆက်လက်ရှင်သန်နေဆဲ သမိုင်းတစ်ခုကို ဘယ်မှာနဲ့မှမတူအောင် ဖန်တီးပေးထားပါတယ်။ မြောက်ဦးဟာ ရခိုင်တို့ရဲ့မင်းနေပြည်တော်ဖြစ်ပြီး ၁၇၈၄ခုနှစ်မှာ ကုန်းဘောင်မင်းဆက်အောက်ကို ကျရောက်ပါတယ်။ ဘုန်းတန်ခိုးအာဏာတောက်ပခဲ့စဉ်က ရခိုင်ဘုရင်တွေဟာ အရှေ့ဘင်္ဂေါ ပြည်နယ်မြေအချို့၊ လက်ရှိရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအောက်ပိုင်း အနောက်ဘက်ဒေသအချို့အထိ အုပ်ချုပ်ခဲ့ပါတယ်။

သွားလာရ ခက်ခဲ့တာကြောင့်ပုဂံနဲ့ နှိုင်းယှဉ်ရင်လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက် နည်းပါတယ်။ လေယာဉ်တိုက်ရိုက်ပျံသန်းမှုမရှိပါဘူး။ ပြည်နယ်မြို့တော်စစ်တွေကနေ လာမယ်ဆိုရင်   မြောက်ဦးမြစ်ရိုးတစ်လျှောက် သုံးနာရီလောက်သင်္ဘောစီးရင်စီး၊ ဒါမှမဟုတ်ကားလမ်း ခရီးကို အကြာကြီးစီးရမှာဖြစ်ပါတယ်။ နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲမတိုင်မီ မသေချာမရေရာမှုတွေကြောင့် ၂ဝ၁၅မှာ ဧည့်သည်လာရောက်မှု နည်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ လွန်ခဲ့တဲ့၆ လတုန်းကလည်း မြောက်ဦးမှာ နှစ်၅ဝအတွင်းအဆိုးရွားဆုံးရေကြီးမှု ဖြစ်ပွားခဲ့လို့ ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေထိခိုက်၊ ပျက်ပြီးသားလမ်းတွေပိုပျက်စီးလို့ ဖုန်လည်းပိုထူလာတယ်လို့ဆိုကြတယ်။

ဧည့်သည်မလာကြတဲ့အကြောင်းတစ်ခုကတော့ ဒေသခံတွေမပြောချင်တဲ့ အကြောင်းအရာပါပဲ။၂ဝ၁၂ခုနှစ်က မြောက်ဦးအပါအဝင် အခြားရခိုင်မြောက်ပိုင်းမြို့တွေမှာ လူမျိုးရေးအဓိကရုဏ်းတွေကြောင့် မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာရခိုင်တွေပါ ထိခိုက်နစ်နာခဲ့ရပြီး နိုင်ငံတကာကအာရုံစိုက်လာတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ထိန်းသိမ်းစောင့်ရှောက်မှုသာလိုအပ်ပြီး ပြုပြင်မွမ်းမံရန်မဟုတ်

အထင်ရှားအကျော်ကြားဆုံးဖြစ်တဲ့ သျှစ်သောင်းပုထိုးတော်ကြီးကို ၁၅၃၅ခုနှစ်ကတည်ထားခဲ့တာဖြစ်ပြီး စြင်္ကန်လျှောက်လမ်းငါးခုမှာတော့ ဗုဒ္ဓစေတီ၊ ဆင်းတုနဲ့  ကျောက်ထွင်း ရုပ်ပွားတော်ပေါင်း၈ဝ,ဝဝဝကို  ဖူးတွေ့ရမှာဖြစ်ပါတယ်။

နဂိုလှပမှုရှိနေပြီးဖြစ်သော်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက သက်ဆိုင်ရာအာဏာပိုင်များရဲ့ စနစ်မကျတဲ့ ပြုပြင်မွမ်းမံမှုကြောင့် သမိုင်းလက်ရာတန်ဖိုးများ ပျက်စီးသွားမယ်ဆိုတဲ့ သတိပေးမှုများထွက်ပေါ်လာခဲ့ပါတယ်။

ရှစ်သောင်းပုထိုးတော်ကြီးမှာ အပေါ်ပိုင်းကိုကွန်ကရစ်နဲ့  ပြန်လည်တည်ဆောက်ခဲ့တဲ့အတွက် တခြားပစ္စည်းတွေနဲ့ဆောက်ထားတဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ မလိုက်မဖက်ဖြစ်သွားရပါတယ်။ ပုထိုးတော်ကြီးဟာ သစ်လွင်တဲ့ပုံသဏ္ဍာန်ဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီမှာတွေ့နေရတာက ရွေးရခက်တဲ့အနေအထားတစ်ခုပါ။ မြောက်ဦးရဲ့ ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရန်ပုံငွေတွေလိုအပ်နေပါပြီ။ ဒါပေမဲ့ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတဲ့ အခါမှာလည်း သိပ်ကိုပြုပြင်ချင်နေတဲ့ အာဏာပိုင်တွေ ပုဂံကဘုရားတွေကို နဂိုပုံစံပျောက်သွားပြီး အသစ်တွေလိုဖြစ်သွားအောင် ပြုပြင်မွမ်းမံသလို မဖြစ်စေဖို့၊ မူလလက်ရာမပျက်အောင ်ထိန်းသိမ်းဖို့လိုပါတယ်၊ ပြုပြင်တည်ဆောက်ဖို့မဟုတ်ပါဘူး။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်များ စာရင်းမှာ ထည့်ဖို့ယူနက်စကိုက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ၂ဝ၁၄ခုနှစ်မှာ စတင်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရလက်ထက်က ဒစ္စနေပုံစံ စိတ်ကူးယဉ်ကမ္ဘာတစ်ခုလို့ ကုလသမဂ္ဂအရာရှိတွေ မှတ်ချက်ပြုခဲ့တဲ့စေတီ၊ ပုထိုးတွေကို ပြုပြင်မွမ်းမံမှုတွေ၊ ဟိုတယ်ဇုန်တိုးချဲ့မှုတွေ၊ ရွာတွေကိုရွှေ့ပြောင်းလိုက်မှုတွေကြောင့် လုပ်ငန်းစဉ်တွေ အခက်အခဲဖြစ်ခဲ့ရပါတယ်။

မြောက်ဦးမြို့ကို ထိန်းသိမ်းမှုလုပ်မယ်ဆိုရင်တော့ ဦးဆောင်သင့်တာကတော့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူတွေပါပဲ။ ဗျူရိုကရက်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဦးဆောင်မှု မလုပ်သင့်ပါဘူး။

“ရှေးဟောင်းအဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အခက်အခဲစိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ မြောက်ဦးမြို့တော်ဟာ အရှေ့တောင်အာရှရဲ့ တစ်ချိန်က အကြီးဆုံးခံတပ်မြို့ကြီး တစ်ခုလည်းဖြစ်ပါတယ်”လို့မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်သန်းက မြစ်မခသတင်းဌာနကို မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“မြောက်ဦးဒေသဝန်းကျင်ထိန်းသိမ်းရေးအတွက် တင်ဒါတွေခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအလုပ်တွေကို လုပ်သူတွေဟာ ရှေးဟောင်းသုတေသနပညာရှင်တွေက ဦးဆောင်ပြီးလုပ်တာ မဟုတ်တဲ့အတွက် အရမ်းကိုတန်ဖိုးထားစရာကောင်းတဲ့ ဘုရားတွေ၊ အုတ်နံရံတွေမှာရှိတဲ့ ရခိုင်ယဉ်ကျေးမှုလက်မှု အနုပညာလက်ရာတွေ အမြောက်အများ ပျက်စီးခဲ့ရပါတယ်”လို့သူကဆိုပါတယ်။

ငွေကြေးလိုအပ်ချက်ဟာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသေးတယ်။ စောစောကသတင်းထဲမှာ ဖော်ပြထားချက်အရ ရာပေါင်းများစွာသောဘုရားတွေနဲ့ အခြားရှေးဟောင်း အဆောက်အဦတွေရှိတဲ့ နယ်မြေအပိုင်းအခြားကို ပြုပြင်ထိန်းသိမ်းဖို့ ရခိုင်ပြည်နယ်အစိုးရက၂ဝ၁၅-၂ဝ၁၆ခုနှစ်မှာ အသုံးစရိတ်ကျပ်သန်း၆ဝဝ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု သုတေသနပြတိုက်နဲ့ နန်းတော်ရာနေရာကနေ ကျွန်မတို့ ပြန်လာချိန်မှာတော့ ကန်တစ်ကန်ကို အမျိုးသားတစ်စု စည်းရိုးခတ်နေတာတွေ့ရပါတယ်။

နန်းသားကန်ခေါ် နန်းတွင်းသားများအတွက် ရေကန်ကို ပြည်နယ်အစိုးရက ရရှိတဲ့ငွေနဲ့ သူတို့မကြာသေးမီက ပြန်လည်တူးဖော်ခဲ့ပါတယ်။ အဲဒီကန်နဲ့ပတ်သက်တဲ့ ကျောက်စာတိုင်၊ ကျောက်တုံးပေါ်မှာ ထွင်းထားတဲ့ နတ်သားပုံနဲ့ဘီလူးရုပ်၊ ကန်ထဲကို တစ်ဆင့်ချင်းနိမ့်ဆင်းသွားတဲ့ ရှေးဟောင်းအုတ်တွေကို တွေ့ခဲ့ရပါတယ်။ သာမန်ရေကန်တစ်ခုအနေနဲ့ ရှိခဲ့ရာကနေ အခုအခါမှာတော့လှပပြီး သမိုင်းဝင်တဲ့နေရာတစ်ခုဖြစ်နေပါပြီ။

ကန်ထိန်းသိမ်းရေးလုပ်ငန်းကို ကြီးကြပ်နေသူတစ်ဦးကတော့ ကန်ကိုအပြီးအစီးအထိတူးဖော်ဖို့ သဲတွေနောက်ထပ်၁ဝပေထက်မနည်းထုတ်ပစ်ဖို့ လိုဦးမယ်လို့ပြောပါတယ်။ အဲဒါဘယ်တော့လောက် လုပ်မလဲလို့ ကျွန်မကမေးတဲ့အခါမှာတော့ ‘အဲဒီအတွက်ရန်ပုံငွေရမှာလား၊ ဘယ်တော့ထပ်ရမလဲမသိတော့ ဘယ်တော့မှလုပ်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်းမသိပါဘူး’လို့ တစ်ယောက်က   ပြန်ပြောပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly