ရန်ကုန်-မြဝတီ ခရီးသည်တင် ယာဉ်လိုင်းတချို့ ရပ်နား

By မောင်ခက်နွေ (မဇ္ဈိမ) 
08 April 2023
ရန်ကုန်-မြဝတီ ခရီးသည်တင် ယာဉ်လိုင်းတချို့ ရပ်နား

မဇ္ဈိကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတ‌လျှောက်  ဧပြီလ ၇ရက်မှ ဧပြီလ ၂၁ ရက်အထိ သွားလာခြင်း မပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက သတိပေးပြီးနောက် အဆိုပါလမ်းပိုင်းကို ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းအချို့  ရပ်နားထားကြောင်း သတင်းရရှိသည်။

“ကျွန်မတို့က မနေ့ကစပြီး မထွက်တော့ဘူး။ ကားလေးနဲ့ရော ကားကြီးနဲ့ပါ မထွက်တော့ဘူး” ဟု ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအသုံးပြုပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ စာရေးမတစ်ဦးက ပြောသည်။ 

ထို့အပြင် အချို့ကားဂိတ်များက လက်မှတ်ဝယ်ပြီးသား ခရီးသည်များကို ကားထွက်၊မထွက် တစ်ရက်အလိုမှ အကြောင်းပြန်မည်ဟု သိရသည်။

“ ကျမက ၁၁ ရက်နေ့ မြဝတီ ပြန်မှာ။ အိမ်ပြန်မှာပေါ့နော်။ အဲ့တာ ကားဂိတ်ကို ဒီနေ့ ဖုန်းဆက်လိုက်တော့ ၁၀ ရက်နေ့ အကြောင်းပြန်ပါမယ်ဆိုပြီး ပြောတယ်” ဟု ကားလက်မှတ်ဝယ်ထားသူတစ်ဦးက ဆိုသည်။ 

မထွက်ဖြစ်သည့် ခရီးသည်တင်ယာဉ်များသည် ၎င်းတို့ထံ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား ငွေပြန်အမ်းမည်ဟုလည်း သိရသည်။

ထို့အတူ ရန်ကုန်-မြဝတီ ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ကလည်း ပြေးဆွဲမှုများကို ဧပြီလ ၇ရက်နေ့မှ ဧပြီလ ၂၁ရက်နေ့အထိ ရပ်နားထားမည်ဖြစ်သည်ဟုခရီးသည်ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။ 

လက်ရှိအချိန်တွင် ခရီးသည်တင် Express ယာဉ်များ ပြေးဆွဲခြင်းမရှိဘဲ ကိုယ်ပိုင်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်အချို့သာ လမ်းဟောင်း(တောလမ်း) ကို အသုံးပြု သွားလာလျက်ရှိသည်ဟု သိရသည်။ 

ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် မတ်လ ၂၅ရက် မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့  အထိနာသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုကာ  လူအင်အား၊ လက်နက်အင်အားနှင့် စားနပ်ရိက္ခာများ ပို့ဆောင်လျှက် ရှိသောကြောင့် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားရခြင်းဖြစ်သည်ဟု  မြေပြင်ပူးပေါင်းစစ်ကြောင်းများက ထုတ်ပြန်ထားသည်။

စာတည်း။       ။ဖူးသိမ်ကျ

စာမူတည်းဖြတ် ။     ။မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required