ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆နှစ် ချမှတ်ခံရမှု အယူခံဝင်မည်

ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆နှစ် ချမှတ်ခံရမှု အယူခံဝင်မည်

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချမှတ်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံက သိရသည်။ 

အမှုအားလုံးအတွက် အယူခံဝင်ရန် စီစဉ်နေပြီး တက်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမည်ဟု ၎င်းက  ဆိုသည်။ 

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ယမန်နေ့ ဧပြီလ ၇ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ  မြစ်ကြီးနား ထောင်တွင်းတရားရုံးက အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

" ကြိုးစားလို့နိုင်သမျှ အကုန်ကြိုးစားမယ်။ အယူခံကို ထပ်ဝင်လို့ရမယ့် လုပ်ငန်းစဥ်တွေကို ကျွန်‌ေတာ်တို့ မနေ့ကတည်း စလုပ်နေပါပြီ"လို့အမှူကို လိုက်ပါဆောင်ရွက်ပေးနေသည့် KBC အဖွဲ့မှ သတင်းရင်းမြစ်က ဆိုသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပုဒ်မ ၁၇(၁)ပုဒ်မအတွက် ထောင်ဒဏ် နှစ် နှစ်၊ ၅၀၅ (က) ပုဒ်မအတွက်ထောင်ဒဏ် တစ်နှစ်နှင့်  ပုဒ်မ ၅၂(က) ပုဒ်မ အတွက် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။   

 KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ကို ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလတွင် သွားရောက်တွေ့ဆုံခဲ့သည်ဟုဆိုကာ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)၊  လူငယ်ဆွေးနွေးပွဲတစ်ခုတွင်  " ခရစ်တော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့" ဆိုသည့် ခေါင်းစဉ်ဖြင့် ဝေမျှရာတွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် စကားလုံးအသုံးအနှုန်းများ တွေ့ရသည်ဆိုကာ  ပုဒ်မ ၅၀၅-ကဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးသူအောင်ဇော်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နှင့် သွားရောက်တွေ့ဆုံသည်ဟုဆိုကာ  ပုဒ်မ ၅၂(က)ဖြင့် မြစ်ကြီးနား ထောင်တွင်း တရားရုံးက မတ်လ ၁၄ ရက်တွင် ထပ်တိုး တရားစွဲဆိုခဲ့သည်။ 

ဒေါက်တာခလမ်ဆမ်ဆွန်သည်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့  ဆေးစစ်ရန်သွားသည့်အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီစစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၏  ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲရသည်။ 

ဖမ်းဆီးခံရပြီးနောက် မြစ်ကြီးနား စစ်တပ်စစ်ကြောရေးတွင် မိသားစုနှင့် ဆက်သွယ်ခွင့်မရဘဲ  ၂၄ ရက်ကြာ  နေခဲ့ရပြီး‌ေနာက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မြစ်ကြီးနား  အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသည်။ 

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required