ရွှေဘိုတွင်  မိုင်းရှင်းထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ပျူစောထီးဆိုသူ ၄ဦးသေဆုံး

By MTO (မဇ္စျိမ)
07 April 2023
ရွှေဘိုတွင်  မိုင်းရှင်းထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ပျူစောထီးဆိုသူ ၄ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့က  မိုင်းရှင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ လေးဦး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့ထံက သိရသည်။

ရွှေဘိုမြို့ အနောက်ခြမ်း တည်သီးတောကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဆိုသူ မောင်ဆန်းနှင့် အဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ တည်တောသီးကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအကြားတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့မှ ရဲဘော်ဗလကြီးက ပြောသည်။

“သူတို့ မိုင်းရှင်းဖို့ထွက်လာချိန် ပဒေသာမိုင်း တစ်ကြိမ်ကို သုံးလုံးစီ နဲ့ သုံးကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့တာ ပျူ(ပျူစောထီး)လေးဦးသေတယ် “ ဟု ၎င်းကပြောသည်။

သေဆုံးသွားသူများမှာ ဦးတင်ကြူး ၊ ဦးကုလား၊ ဦးကုခြား နှင့် အခြားတစ်ဦး တို့ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ မောင်ဆန်းနှင့် ဦးသန့်ဇော်ဦး ဆိုသူတို့ အပြင်းအထန် ဒဏ်ရာရရှိသွားပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ရဲဘော်ဗလကြီးက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှု အနည်းငယ်ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိကြောင်း သိရသည်။

ရွှေဘိုမြို့အနောက်ခြမ်းဒေသသည် ပျူစောထီးဆိုသူ အများအပြားနေထိုင်ကြသည့် နယ်မြေများဖြစ်ကြောင်း ရဲဘော်ဗလကြီးက ဆိုသည်။

“သူတို့(ပျူစောထီး)နယ်မြေတွေမှာ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျတာတွေ လုပ်လေ့ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးရာနယ်မြေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လေ့ရှိတယ်” ဟု ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖား‌ရွှေ‌ကျော် - ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) - ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၂) မဟာမိတ်အင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်‌သည်ဟု သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required