ရွှေကုက္ကိုလ်မြို့အနီး စစ်ကောင်စီလက်အောက်ခံ BGFစခန်းကုန်း ၅ ခု သိမ်းပိုက်ခံရပြီး ၈၅ဦးကျော်သေဆုံး

By သွင်ထူးဈာန် (မဇ္ဈိမ)
07 April 2023
ရွှေကုက္ကိုလ်မြို့အနီး စစ်ကောင်စီလက်အောက်ခံ BGFစခန်းကုန်း ၅ ခု သိမ်းပိုက်ခံရပြီး ၈၅ဦးကျော်သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့နယ်  ရွှေကုက္ကိုလ်မြို့ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGFစခန်းကုန်း ငါးခုကို ဧပြီလ ၅ရက်နေ့ နံနက် ၅နာရီခွဲအချိန်တွင်  Lion Battalionဗျူဟာစစ်ကြောင်း(KTLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Lion Battalionဗျူဟာစစ်ကြောင်းထံမှ သိရသည်။

 ဧပြီလ ၅ရက်နေ့နှင့် ၆ရက်နေ့အထိ နှစ်ရက်သာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGFတပ်တို့ဘက်မှ ၈၅ဦးကျော်သေဆုံးခဲ့ကြောင်း သိရသည်။

 “ကျနော်တို့က BGFစခန်းကို တိုက်တာမဟုတ်ဘူး၊ စစ်တပ်ရှိတဲ့နေရာ စစ်တပ်နဲ့ပေါင်းတဲ့ အရာတွေကိုတိုက်တာပေါ့နော်၊ BGFကိုပဲ ခေါင်းစဉ်တပ်လို့တော့မရဘူး၊ စစ်ကောင်စီကို တိုက်တယ်လို့ပဲ ပြောရမှာပေါ့နော်။  အဲ့ဒီနေရာက သူတို့ရဲ့ စီးပွားရေးအဓိကနေရာဖြစ်တယ်လေ၊ လူကုန်ကူးတဲ့နေရာတွေရှိတယ်၊ မူးယစ်ဆေးဝါးဖြန့်တာတွေ ထုတ်လုပ်တာတွေ အဲ့လိုဟာတွေရှိမယ်၊ နောက်ပြီတော့ ဟန်ပြကာစီနိုရုံပေါ့ နောက်ကွယ်မှာ မကောင်းတဲ့အရာတွေ ကျူးလွန်တဲ့အဖွဲ့အစည်းတွေ ရှိတဲ့နေရာကို ကျနော်တို့ ဝင်စီးတာပါ”ဟု Lion Battalionဗျူဟာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အညာသားမှပြောသည်။ 

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်BGFတပ်တို့ထံမှ လက်နက်မျိုးစုံ ၇၅လက်သိမ်းဆည်းရပြီးခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေကုက္ကိုလ်မြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ 
ရွှေကုက္ကိုလ်မြို့အနီးတိုက်ပွဲကို Lion Battalionဗျူဟာစစ်ကြောင်း (KTLA)နှင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်တို့မှ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၇ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

 စစ်ကောင်စီတပ်နှင့်BGFတပ်တို့သည် ရွှေကုက္ကိုလ်မြို့ အဝင်အထွက်ကိုပိတ်ဆို့ထားပြီး အင်အားအများအပြားဖြင့် ခုခံစစ်ကို ပြုလုပ်ထားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly