စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး

By ရွှေနွယ်( မဇ္ဈိမ )
07 April 2023
စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်ပွဲတော် စည်ကားစေရန် ပုံစံမျိုးစုံဖြင့် ကြိုးပမ်းနေပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူစည်ကားစေရန်ပြုလုပ်နေသော သင်္ကြန်ပွဲတွင်မပါဝင်ကြဘဲ တော်လှန်သင်္ကြန်တွင်သာ ပူးပေါင်းပေးကြရန် မေတ္တာရပ်ခံသတိပေးထားကြသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီမှ ၎င်းတို့ပြုလုပ်မည့် သင်္ကြန်ပွဲအားလူစည်ကားစေရန် မဲလက်မှတ်များရောင်းချနေသည်ဟု ဒေသခံများမှ မဇ္ဈိမကိုပြောသည်။

ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ကာ အုပ်ချုပ်ရေးမှူးများအား ရောင်းခိုင်းနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးမှပြောသည်။

"ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ ပန်ကာတွေ ဘာတွေပါတယ်ကြားတယ်၊ သင်္ကြန်မဏ္ဍပ်မှာ ဖောက်ပေးမှာပြောတယ်၊ လူစည်အောင် လုပ်နေတာပေါ့ဗျာ” ဟုဒေသခံမှပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီမှ သင်္ကြန်ပွဲလူစည်ကားစေရန် ကြိုးပမ်းနေသော်လည်း ပြည်သူများမှ စစ်ကောင်စီ၏သင်္ကြန်တွင် မဆင်နွှဲကြရန်နှင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ သတိပေးသည်။

"သူတို့ဘက်ကတော့ စည်ကားအောင်ပုံစံမျိုးစုံနဲ့လုပ်နေတာပါ၊ ကျွန်တော်တို့ကလည်း ကိုယ်လုပ်စရာရှိတာကိုလုပ်မှာပါ၊ ဒါပေမယ့် ပြည်သူသာအဓိကဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကိုလည်း မထိခိုက်စေလိုတဲ့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး မထိခိုက်အောင်ဆောင်ရွက်မှာပါ၊ ဒါပေမယ့် ဒီကောင်တွေရှိတဲ့နေရာမှာ ပျော်ရွှင်ကခုန်နေကြတဲ့အများစုက သူတို့ဘက်ခြမ်းက လူတွေပဲဖြစ်မယ်လို့ ယူဆပါတယ်၊ အဓိကထားပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေကိုမသွားကြဖို့ပါပဲ" ဟု Paungde People Defence Force-PPDF တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

အလားတူ နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ယခုကာလမှာ အာဏာလုစစ်တပ်အား အမြစ်ပြုတ်တိုက်ထုတ်နေသည့် တော်လှန်ရေးကာလဖြစ်သောကြောင့် ဒေသအသီးသီးမှ စစ်ရှောင်ပြည်သူများအားငဲ့ညှာစာနာသောအနေဖြင့် ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ကြရန် တိုက်တွန်းထားသည်။

"သင်္ကြန်နဲ့ပတ်သက်လို့ကတော့ အနောက်ခြမ်းမြို့တွေမှာ စီစဉ်နေကြပြီပေါ့။ သဘောက ထုံးစံအတိုင်း သီဆိုကခုန်မယ်၊ မူးရူးခွင့်ပေးမယ်။ ကျွန်တော်တို့ မြို့က တော်လှန်ပြည်သူတို့ကိုပြောချင်တာက အားလုံးကျန်းမာကြပါစေ၊ ပျော်ရွှင်မှုဆိုတာ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီကာလမှာ အသိတရားနဲ့ကပ်ရတာပေါ့။ ဒါမှ တရားမျှတတဲ့ ပျော်ရွှင်မှုဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်က ဒီကနေ့ခင်ဗျားတို့ လှမ်းနေတဲ့ခြေလှမ်းတွေပါပဲ" ဟု နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။

စိမ်းလန်းတဲ့နေ့တွေမှာ ကျင်းပခွင့်ရမယ့် ရေသဘင်ပွဲတွေအတွက် မင်းအောင်လှိုင်အပြီးတိုင် မကျရှုံးသရွေ့ တိတ်ဆိတ်ခြင်းနှင့်သာပျော်ပေးကြပါဟု လည်းဆိုသည်။ 

ပြည်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ကျောက်ရုပ်အနီးရှိ ညစျေးထိပ်တွင် ပိတ်ကာ မဏ္ဍပ်ကြီးတစ်ခုဆောက်လုပ်နေကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

"အရင်က ပန်းခြံရှေ့မှာ ဗဟိုမဏ္ဍပ်ဆောက်နေကျလေ၊ အခုအဲ့မှာ ဘာမှမတွေ့ဘူး၊ အရင်ညစျေးထိပ်မှာ ပိတ်ဆောက်နေတာတော့တွေ့တယ်၊ အရင်က လမ်းမတော်တစ်လျှောက်က နာမည်ကြီးမဏ္ဍပ်တွေလည်း ဆောက်တာမတွေ့ရပါဘူး၊ သူတို့ဆောက်နေတဲ့ဟာ အဲ့တစ်ခုပဲတွေ့တယ်” ဟု ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်စည်ကားစေရန်ပြင်ဆင်နေသော်လည်း ပြည်သူများမှာ ပါဝင်ဆင်နွှဲရန် သိပ်မမြင်မိကြောင်း ဒေသခံများမှပြောသည်။

"ကျွန်တော်တို့မြို့မှာ ခုချိန်ထိ သင်္ကြန်သီချင်းဖွင့်သံတောင် သိပ်မကြားရပါဘူး၊ ဘယ်သူမှလည်း သင်္ကြန်နွှဲဖို့ ပြင်နေတာမတွေ့မိဘူး၊ ရေပြွတ်ပန်းကုန်းရောင်းတာတောင် မတွေ့မိဘူး၊ သူတို့ဘက်ကတော့ ယိမ်းအကအတွက် လူစုနေတယ်ကြားတယ်" ဟု ကြို့ပင်ကောက်မြို့ဒေသခံတစ်ဦးမှပြောသည်။ 

ပဲခူးတိုင်းအနောက်ခြမ်းရှိ ရွှေတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့နယ်တို့အပါအဝင် အခြားသောမြို့နယ်များတွင်လည်း ထွေအုပ်ရုံးမှဦးစီးကာ မြို့နယ်မဏ္ဍပ်များတည်ဆောက်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required