မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ကလေးငယ်များအပါဝင်  ရက်ကန်းအလုပ်သမား ၂၃ဦး အဖမ်းခံရ

By ပါခွီး (မဇ္စျိမ)
07 April 2023
မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ကလေးငယ်များအပါဝင်  ရက်ကန်းအလုပ်သမား ၂၃ဦး အဖမ်းခံရ

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ ကျုရမ်ကျာလ်ပူခရိုင် လန်မ်ကားမြို့တွင် မြန်မာနိုင်ငံသား ရက်ကန်းအလုပ်သမားများနှင့် ၎င်းတို့၏ ကလေးများအပါ အဝင် ၂၃ဦး အဖမ်းဆီးခံရကြောင်းသိရသည်။

ဧပြီလ ၆ရက် မွန်းလွဲ ၁နာရီခန့်အချိန် လန်မ်ကားမြို့ ကွန်ပွီရပ်ကွက်တွင် ကား သုံးစီးဖြင့် အင်အား ၄၀ခန့်ပါဝင်သော  ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် ရက်ကန်း လုပ်ငန်းခွင် နှစ်ခုတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသူများတွင် အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး ၁၁ဦးနှင့် ကလေး ခြောက်ယောက်ပါဝင်ပြီး စုစုပေါင်း ၂၃ဦးဖြစ်ကြောင်းသိရသည်။

“ဝင်ဖမ်းသွားတာကို တွေ့လိုက်ရတယ် ၊ သူတို့ကို အရင်တုန်းက မြန်မာရက်ကန်းသမားတွေ ထိန်းသိမ်းထားတဲ့နေရာမှာ ထားတယ် ၊ အဲဒီနောက် သူတို့ပြင်ဆင်ထားတဲ့ Refugee Camp (ဒုက္ခသည်စခန်း) မှာထားမယ်လို့သိရတယ်” ဟု ဖမ်းဆီးသည့် နေရာအနီးရှိ မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ယခုဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို ဧပြီလ ၁၁ရက်နေ့တွင် လန်မ်ကား မြို့အနီးရှိ ယခင်သင်တန်းကျောင်းဟောင်း တစ်နေရာတွင်ထားရှိရန်  အဆောင် လေးဆောင်အား ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းစာနှင့် ရုပ်သံများမှ တစ်ဆင့် သိရကြောင်း ဆိုသည်။

ယင်းစခန်းတွင် စားသောက်နေထိုင်ရေးအပြင် ကျန်းမာရေးကိစ္စများကိုပါ တာဝန်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
“အခု စစ်ဘေးရှောင်တွေ နေရာချထားပေးတာရဲ့ နောက်ကွယ်မှာ စစ်ကောင်စီနဲ့ မဏိပူရ အစိုးရအကြား ပူးပေါင်းကြံစည်ထားတာ မဖြစ်ရေးကိုဘဲ လိုလားတောင်းဆိုချင်ပါတယ်” ဟု India For Myanmar လှုပ်ရှားမှုမှ ဆလိုင်းဒိုခါရ် က ပြောသည်။

၎င်းတို့အနေဖြင့် စစ်ဘေးရှောင်စခန်းများဖွင့်လှစ် နေရာချထားခြင်းသည် မဏိပူရ ပြည်နယ်အစိုးရနှင့် စစ်ကောင်စီတို့ ပူးပေါင်းကြံစည်ပြီး မြန်မာနိုင်ငံသားများကို ပြန်လည် လွှဲပြောင်းပေးသည့်အကြံ မဖြစ်ရန်လိုကြောင်းဆိုသည်။

သို့သော် ယခုဖမ်းဆီးမှုတွင် စစ်ဘေးရှောင်စခန်းများသို့ ပို့ဆောင်ပြီး ကောင်းမွန် စွာ စောင့်ရှောက်မည်ဟု ကြားသိထားရသည့်အပေါ်တွင် မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။

 လန်မ်ကားမြို့တွင် မြန်မာနိုင်ငံသား ၂၀၀နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယခု မဏိပူရ်မြို့တော် အင်ဖားထောင်တွင် ထိမ်းသိမ်းထားကာ အချို့မှာ နှစ်နှစ်ခန့် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

ယခုဖမ်းဆီးသူများနှင့်အတူ အင်ဖားထောင်တွင် လန်မ်ကားမြို့မှ ဖမ်းဆီးထားသူများကိုပါ ယခုဖွင့်လှစ်မည့် စစ်ဘေးရှောင်စခန်းများတွင် ထားရှိမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required