ဖျာပုံတွင်  လူငယ် ၁  ဦးအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်

By မင်းထက် (မဇ္စျိမ)
06 April 2023
ဖျာပုံတွင်  လူငယ် ၁  ဦးအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နေ ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီတပ်နှင့်ရဲများမှ မတ်လ ၂၈ ရက်နေ့တွင်ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖျာပုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဒုတိယလမ်းတွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် ကိုဟန်ထူးအောင် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့်အမှုဖွင့်ထားခြင်း ဖြစ်သည်။
“အဲ့ဒီကောင်လေးက ဖျာပုံမှာ တော်တော်လူချစ်လူခင်ပေါတဲ့ ကောင်လေးပါ။ အနေလည်းအေးတယ် အမြဲ တမ်းပြုံးပြုံးရွှင်ရွှင်နေတာပဲ တွေ့ရတယ်။ တော်လှန်ရေးနဲ့ ပတ်သတ်တယ်ဆိုပြီး ဖမ်းသွားတာလို့ သိရ တယ်”ဟုပြောသည်။

ကိုဟန်ထူးအောင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်စဥ်အချိန်ကသာ ဆန္ဒပြပွဲများ တွင်ပါဝင်ခဲ့သူဖြစ်ပြီး စစ်အုပ်စုနှင့်ရဲများက မတရားဖမ်းဆီးမှု၊ အကြမ်းဖက်ပစ်ခတ်မှုများပြုလုပ်လာချိန်၌ နိုင်ငံရေး၊ တော်လှန်ရေးနှင့်ပတ်သတ်မှုမရှိတော့ဘဲ ၎င်း၏အိမ်တွင်သာ နေထိုင်နေသူဖြစ်ကြောင်း ဒေသခံ ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီခန့် အချိန်က ဖျာပုံ PDF များဦးဆောင်ကာ ဖျာပုံတံတား၌ စစ် အာဏာရှင်ဆန့်ကျင်ရေးစာတန်းတစ်ခု ချိတ်ဆွဲခဲ့သည်။ ထိုသို့ စာတန်းချိတ်ဆွဲ ဆန္ဒထုတ်ဖော်မှုနှင့် ပတ် သက်၍ ဖျာပုံမြို့နေ ကိုဟန်ထူးအောင်ကို စစ်ကောင်စီတပ်များနှင့် ရဲများက စွပ်စွဲဖမ်းဆီးထားခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့သည့် ဖျာပုံ PDF အဖွဲ့ဝင်များအား မဇ္စျိမက ဆက်သွယ်မေး မြန်းရာတွင် စာတန်းချိတ်ဆွဲခဲ့ခြင်းမှာ ၎င်းတို့၏လက်ချက်သာဖြစ်ကြောင်း ကိုဟန်ထူးအောင်နှင့် မသက် ဆိုင်ကြောင်းဆိုသည်။

ကိုဟန်ထူးအောင်ကိုဖမ်းဆီးပြီးနောက် မတ်လ ၂၉ ရက်နေ့၌ ကိုဟန်ထူးအောင်၏ မိခင်နှင့်အမဖြစ်သူတို့ အပြင် ဖျာပုံမြို့ပေါ်မှ လူငယ်ကိုးဦးခန့်ကို စစ်ကောင်စီတပ်များက ထပ်မံဖမ်းဆီးသွားသည်ဟု ဒေသခံများ ကပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့် လူငယ်များအနက် အသက်မပြည့်သည့် ၁၆ နှစ်အရွယ် လူငယ်နှစ်ဦးပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ကိုဟန်ထူးအောင်အပါအဝင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် ဒေသခံများကို ဖျာပုံမြို့အခြေစိုက် ခလရ(၉၈)တပ်နှင့် ဖျာပုံရဲစခန်းတို့တွင် စစ်ဆေးနေသည်ဟုသိရပြီး မိသားစုများနှင့် အဆက်အ သွယ်မရသေးကြောင်း ဒေသခံများကပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly