လုံခြံုရေးစိုးရိမ်ရသော်လည်း ယူရိုပြိုင်ပွဲကိုကျင်းပသင့်ဟု ဝေးလ်နည်းပြကိုးမန်းပြော

လုံခြံုရေးစိုးရိမ်ရသော်လည်း ယူရိုပြိုင်ပွဲကိုကျင်းပသင့်ဟု ဝေးလ်နည်းပြကိုးမန်းပြော

မတ် ၂၃၊ ဝေးလ်။          ။ ဘယ်လ်ဂျီယံတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဥရောပ၏ လုံခြုံရေးအခြေအနေကိုစိုးရိမ်မှုများမြင့်တက်လာသော်လည်း ယူရို ၂၀၁၆ ပြိုင်ပွဲကို အစီအစဉ်အတိုင်းကျင်းပသင့်သည်ဟု ဝေးလ်နည်းပြ ခရစ္စကိုးမန်းကပြောသည်။

"ဒါက လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ လူတိုင်းရဲ့ဆန္ဒဖြစ်တာနဲ့အညီ ကျင်းလည်းကျင်းပသင့်တယ်"ဟု ကိုးမန်းက ပြောသည်။

အင်္ဂါနေ့ကတိုက်ခိုက်မှုကို မကောင်းဆိုးရွားအဖြစ်အပျက်ဟု ကိုးမန်းကဆိုသော်လည်း အကြမ်းဖက်တိုက်ခိုက်သူများကို အနိုင်မပေးသင့်ဟု ပြောသည်။

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ် လေဆိပ်နှင့် မြေအောက်ရထားဘူတာရုံတွင် ပေါက်ကွဲမှုများကြောင့် လူ ၃၀ ထက်မနည်းသေဆုံးခဲ့ကြရ သည်။

ပြင်သစ်တွင် ဇွန် ၁၀ ရက်၌စတင်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ လုံခြုံရေးမြင့်မားလွန်းလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ဥရောပဘောလုံးအဖွဲ့ ချုပ် ယူအီးအက်ဖ်အေအနေဖြင့် လူတိုင်း၏လုံခြုံရေးကို အထူးဂရုစိုက်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ကိုးမန်းကဆိုသည်။

သို့သော် အကြမ်းဖက်သမားများအနေဖြင့် လူထူထပ်ရာနေရာတွင် အသေခံဗုံးခွဲရန်ကြိုးပမ်းမှုကို တားဆီးရန်မှာမူ လုံခြုံရေးဆောင်ရွက်မှု မြင့်မားလွန်းမှသာရမည်ဟုလည်း ဖူလ်ဟမ်နှင့် ကိုဗင်ထရီနည်းပြဟောင်းက ပြောသည်။

ပြင်သစ်နိုင်ငံတစ်ဝှမ်း ကွင်း ၁၀ ကွင်းတွင် အသင်းပေါင်း ၂၄ သင်းဖြင့် ပွဲပေါင်း ၅၁ ပွဲကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲအပေါ် ထိခိုက်နိုင်ချေ အဆင့်ကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ယူအီးအက်ဖ်အေက ကြေညာထားသည်။

ပြင်သစ်နိုင်ငံသည်လည်း ပြီးခဲ့သည့်နှစ်က ပစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး နိုဝင်ဘာ ၁၃၊ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုတွင် လူပေါင်း ၁၃၀ သေဆုံးခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly