အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကုလအထူးသံတမန် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကုလအထူးသံတမန် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ နိုလင်း ဟေဇာနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ခေါင်ကင်မ်ဟောင်းန်တို့သည် ဧပြီ ၆ ရက်က အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

အာဆီယံအုပ်စု၏ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ဆောင်မှုကို ထောက်ခံပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးသံတမန်ရုံးနှင့်အတူ လက်တွဲလုပ်ဆောင်လျက်ဖြင့် ဒေသဆိုင်ရာ အားထုတ်မှုများ၊ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂ၏ အားထုတ်မှုများနှင့်စပ်လျဉ်း၍ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကုလအထူးသံတမန်တို့ ဆွေးနွေးကြသည်။

၂၀၂၁ ၊ ဧပြီလတွင် အာဆီယံအဖွဲ့သည် ဂျကာတာတွင် ပြုလုပ်သည့် ဒေသတွင်း ခေါင်းဆောင်များ အစည်းအဝေးအပြီး မြန်မာ့အကျပ်အတည်းကို ပြေလည်စေရေး ကူညီရန် ဘုံသဘောတူညီချက် ငါးရပ်ကို အဆိုပြုထုတ်ဖော်ခဲ့ကြသည်။

အကူအညီ လိုအပ်နေသူအားလုံးကို ထောက်ကူပံ့ပိုးရန် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများ ဖြန့်ဖြူးပေးအပ်မှုနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို အစောပိုင်းတွင် ဒေါက်တာ ခေါင်က ဝေမျှပြောဆိုခဲ့သည်။

ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး လူသားချင်းစာနာမှု အကူအညီပေးမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းချိတ်ဆက်မှု စင်တာ၏ ထောက်ကူမှုနှင့်အတူ ထိုကြိုးပမ်းမှုအစီအစဉ်ကို အာဆီယံ အတွင်းရေးမှူးချုပ်က အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးအဖြစ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးထံမှ သိရသည်။

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်စေရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခိုင်အမာ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ကြောင်း ဒေါက်တာ ခေါင်က ယခု တွေ့ဆုံမှုတွင် ပြောသည်။

မြန်မာတွင် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ၊ ဖေဖေါ်ဝါရီတွင် အာဏာသိမ်းခဲ့ရာမှစပြီး နိုင်ငံသည် အကျပ်အတည်းအောက် ထိုးဆင်းကျရောက်ခဲ့ပြီး ပျံ့နှံ့ပေါ်ပေါက်သော ပဋိပက္ခများ၊ မငြိမ်မသက်ဖြစ်မှုများ၊ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပေါ်ပေါက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required