မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖီဂျီနိုင်ငံတို့အား စစ်ပစ္စည်းကိရိယာများ ဂျပန် ထောက်ပံ့မည် 

By ABS-CBN News 
06 April 2023
မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖီဂျီနိုင်ငံတို့အား စစ်ပစ္စည်းကိရိယာများ ဂျပန် ထောက်ပံ့မည် 
Yoshikazu Tsuno, Pool/AFP/File

ဂျပန်နိုင်ငံသည် ဥပဒေစိုးမိုးရေးကဲ့သို့သော စံတန်ဖိုးများ မျှဝေပြီး အင်ဒို-ပစိဖိတ်တွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုအပါအဝင် ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုများအား ကိုင်တွယ်ဖြေရှင်းရေး ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရန်တို့အတွက် “စိတ်တူကိုယ်တူ” နိုင်ငံများက လက်နက်ကိုင်တပ်များသို့ စစ်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွားရန် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်သည်။ 

ဂျပန်အတွက် “သင့်တင့်သော လုံခြုံရေး အခင်းအကျင်း” ဖန်တီးရန် စစ်ပစ္စည်းကိရိယာ ထောက်ပံ့မှုသစ်ကို မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖီဂျီ အာရှ-ပစိဖိတ် လေးနိုင်ငံက လက်ခံရရှိလိမ့်မည်ဟု ဂျပန်အစိုးရအရ သိရသည်။ 

အထူးသဖြင့် အင်ဒို-ပစိဖိတ်တွင် အင်အားသုံးပြီး ပိုနေမြဲ ကျားနေမြဲ အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးစားမှုများကို ဟန့်တားရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟီရိုကာဇု မတ်ဆုနိုက ပြောရာ ဒေသတွင်း ရေပြင်၌ ရေပိုင်နက် ငါတကော ကောနေသော တရုတ်ကို သတိပေးလိုက်ပုံ ရှိသည်။ 

ဂျပန်၏ ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းအပြင် “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အာမခံနိုင်ရေး” စိတ်ကူကိုယ်တူ နိုင်ငံများ၏ ဟန့်တားနိုင်စွမ်း စွမ်းဆောင်ရည်ကိုလည်း ဖော်ဆောင်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။ 

အဆိုပါ လေးနိုင်ငံအား ပေးအပ်မည့် အကူအညီသစ်၏ အသေးစိတ်နှင့် ပတ်သက်ပြီး လာမည့် လအနည်းငယ်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းထောက်များအား ပြောထားပြီး ၂၀၂၂ ဖေဖော်ဝါရီမှ စတင်ကာ ရုရှ ကျုးကျော်သည့် ယူကရိန်းအား ကူညီပေးခြင်းနှင့် ပတ်သက်ပြီးလည်း ငြင်းဆိုသွားခြင်း မရှိပေ။ 

ယခု ပေးအပ်မည့်  အကူအညီ အစီအစဉ်သည် ရေပြင်နှင့် ဝေဟင် ထောက်လှမ်းရေး၊ သဘာဝဘေး တုံ့ပြန်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး အခြားပုံစံများကို ပစ်မှတ်ထားမည့်အပြင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးများနှင့်ပါ ဆက်စပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly