ဒီပဲယင်းမြို့နယ် ပျံကျ ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးခန့် သေဆုံး

By လွှမ်းမိုး(မဇ္ဈိမ)
06 April 2023
ဒီပဲယင်းမြို့နယ် ပျံကျ ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ ပျံကျ ကျေးရွာ အနီးတွင် စိုင်ပြင်ရဲစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီ ၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း F.B.G.A တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ကိုးဦးခန့် သေဆုံးပြီး ဒေသကာကွယ်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း F.B.G.A တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းကွင်းထဲကို ဝင်လာတာ တော်တော်လေး အထိနာ သွားခဲ့တယ်။ ထို့နောက် ကျနော်တို့ဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ အတူ လက်နက်ငယ်တွေ နဲ့ တစ်နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဗျ။ စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးပြီး တော်တော်များများ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ပွဲကြာချိန် တစ်နာရီ ကြာပြီးနောက် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ်ခန့်အကြာ လာရောက်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်၍ ရှင်းပြသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သုံးကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးကြိမ်တိုင် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲကို Fighter Brotherhood Guerilla Army ၊ DRPA ၊ Black Shadow PDF နှင့် ဒေသခံ မဟာမိတ် တပ်ရင်း ၊ တပ်ဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင် ၊ ဆားလင်းကြီး ၊ ပုလဲ စတဲ့ ဒေသများကိုလည်း စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းသုံး တိုက်ခိုက်မှုများ အကြိမ်ရေ များစွာ ပြုလုပ်လျှက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly