ကစထမှူးများ အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီးပြော 

By YT (မဇ္ဈိမ)
06 April 2023
ကစထမှူးများ အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီးပြော 

KNU နယ်မြေများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ တာဝန်ကျနေသော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး-၄ (ကစထ-၄) အပါအဝင် စစ်ဌာနချုပ်တိုင်းမှူးများ အပြောင်းအလဲပြုလုပ်ခြင်းကိစ္စအပေါ် တုန်လှုပ်စရာမရှိကြောင်း KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးက ပြောကြားသည်။ 

ဧပြီလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော " မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ " အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ၊ အမေးအဖြေကဏ္ဍတွင် သတင်းထောက်များ၏မေးမြန်းမှုကို ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

" မတ်လ ၂၇ ရက်နေ့က ကျွန်တော်တို့ကို အပြတ်ချမယ်ဆိုကတည်းက ကျွန်တော်တို့ ဘာမှတုန်လှုပ်စရာအကြောင်းမရှိဘူး။ သူပြောတဲ့တစ်ချိန်တည်းမှာပဲ သူ့လက်အောက်မှာရှိတဲ့ ဒေသဆိုင်ရာ တပ်မှူးကြီးတွေကို ခဏခဏ ပြန်ပြောင်းနေတာ။ ဒါက ဘာလဲဆိုတော့ သူလုပ်တဲ့အရာ ဘာမှမအောင်မြင်ဘူး၊ သူ့လူတွေ ဖြုတ်လိုက် ထုတ်လိုက်နဲ့ပဲ ချာလပတ်လည်နေတယ်ဆိုတာကို ပြလိုက်တာပဲလေ။ အဲ့ဒါကြောင့် ဒီအပိုင်းမှာ ကျွန်တော်တို့တုန်လှုပ်စရာအကြောင်းမရှိဘူး၊ ကျွန်တော်တို့လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်" ဟု ပဒိုစောတောနီးက ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ရှိ KNU နယ်မြေများကို ကိုင်တွယ်ရသော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး-၄ (ကစထ-၄) ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နေရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေအား ပြောင်းလဲခန့်အပ်ခဲ့သည်။
 
ထို့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းတို့အား စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောင်းလဲခန့်အပ်ထားခြင်းဖြစ်သည်။ 

ကစထမှူး၊ တိုင်းမှူးများ အပြောင်းအလဲပြုလုပ်ခြင်းသည် KNU အပေါ် မည်သို့မှ သက်ရောက်မည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် လုပ်စရာရှိသည်များအား ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့သည်။ 

" ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ကမ္ဘာပေါ်မှာ အင်မတန်မှပဲ ဗလောင်းဗလဲနိုင်လှတဲ့လူဆိုတာ ဒီလူ (မင်းအောင်လှိုင်)ပဲလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့ အပြတ်ချမယ်လုပ်လိုက်၊ ကျွန်တော်တို့နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတော့ ငြိမ်းချမ်းရေးလုပ်မယ် လုပ်လိုက်နဲ့ ဖင်တစ်ပြန် ခေါင်းတစ်ပြန် ပြောနေတဲ့လူဟာ ဒီကနေ့ ဒီကာလမှာ ကျွန်တော်တို့ ရင်ဆိုင်တွေ့နေရတဲ့ သူပဲဖြစ်ပါတယ်" ဟု ပဒိုစောတောနီးက ပြောကြားခဲ့သည်။ 

KNU မှ ထုတ်ပြန်ခဲ့သော " မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ" အစီရင်ခံစာသည် စစ်ကောင်စီအာဏာသိမ်းအပြီး နှစ်နှစ်တာကာလအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုမြောက် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၅၀၀ နီးပါးအား မှတ်တမ်းတင်စာရင်းပြုစုထားသော အစီရင်ခံစာဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်အထိ  KNU နယ်မြေများတွင် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၅၀၀,၀၀၀ ကျော်ရှိနေကြောင်းလည်း သိရသည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly