ဘုတလင်မြိုနယ် ဒါန်းတိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီနင်း ဒေသခံသေဆုံး ၃ဦးဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
06 April 2023
ဘုတလင်မြိုနယ် ဒါန်းတိုင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီနင်း ဒေသခံသေဆုံး ၃ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဒါန်းတိုင်ကျေးရွာကို စစ်ကောင်စီတပ်မှ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကြောင်း PDF Lion Ingar Budalin တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၅ရက် နံနက် ၃နာရီ ၃၀မိနစ်အချိန်တွင် အင်အား ၆၀ကျော်ပါဝင်သည့် စစ်ကောင်စီတပ်မှ ရွာကို ပတ်ပတ်လည်ဝိုင်းထားပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“အမျိုးသားတစ်ယောက် သေဆုံးပြီး မိန်းကလေးတစ်ယောက်နဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရထားပါတယ်၊ အားလုံးကို လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေပါတယ်” ဟု LIB PDF ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ရုတ်တရက်ဝင်ရောက်လာသည့်အတွက် ပြည်သူများ ရှောင်တိမ်းချိန်မရရှိခဲ့ဘဲ အမျိုးသားတစ်ဦး အိမ်ထောင်ရှိ (လုံခြုံရေးအရအမည် မဖော်လို) သေဆုံးခဲ့ပြီး ဒဏ်ရာရသည့်အမျိုးသမီးတစ်ဦး ခြေထောက်ဒဏ်ရာ အသားအစားထိုးကုသလျက်ရှိကာ အမျိုးသားနှစ်ဦးတွင် တစ်ဦး လက်ပြင်ကို လက်နက်ကြီးအစမှန်၍ အခြားတစ်ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရ၍ လုံခြုံသောနေရာတွင် ဆေးကုသပေးလျက်ရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွာထဲသို့ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးကာ ရွာဦးဘုန်းကြီးကျောင်းတွင် ခေတ္တဝင်ရောက်တပ်စွဲခဲ့ကာ ဓားစာခံ ခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်၍ ဘုတလင်မြို့ စစ်ကောင်စီတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ဖမ်းဆီးခေါ်ဆောင်သွားသူထဲမှ သုံးဦးလွတ်မြောက်လာပြီး လေးဦးကို ဘုတင်လင် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာ တိမ်းရှောင်နေရပြီး LIB PDF တပ်ဖွဲ့မှ မိုင်းရှာဖွေခြင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းဆိုသည်။

ဒါန်းတိုင်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ ၁,၀၀၀နီးပါး နေထိုင်သော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required