မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့၀င် ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာတွင် စစ်ဆေးနေ

By သွင်ထူးဈာန် (ကော်သူးလေ)(မဇ္ဈိမ)
06 April 2023
မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့၀င် ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာတွင် စစ်ဆေးနေ

။    ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အဖမ်းခံရသည့် PDF တပ်ဖွဲ့ဝင် သုံးဦးသည် စစ်ကောင်စီထံ လွှဲပြောင်းခံရပြီးနောက် လက်ရှိတွင် သင်္ဃန်းညီနောင်ဗျူဟာ၌ ချုပ်နှောင်စစ်ဆေးခံနေရကြောင်း ၎င်းတို့လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးနေသည့် ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က သင်္ယန်းညီနောင်ဗျူဟာမှာ အချုပ်ခံထားရတယ်။ ဒီသတင်းက လူမသိရင် စစ်ကောင်စီဘက်က လက်စဖျောက်သွားမှာကိုစိုးရိမ်တယ်။ ကျွန်တော်ပြောချင်တာက သူတို့လိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ထိုင်းဘက်ကို ဖိအားပေးဖို့လိုတယ်” ဟု အဖမ်းခံရသူများကို လိုက်ပါကူညီပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မဲဆောက်တွင် ဆေးကုသမှု ခံယူရန်ရောက်ရှိနေသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းအာဏာပိုင်များက ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။၎င်းတို့သည် ဆေးခန်းပြပြီး အပြန်တွင် ဘန်ကောက်မြို့သို့သွားသည့် လမ်းမကြီးပေါ်သို့ လမ်းမှားရောက်သွားသဖြင့် ထိုင်း လ.ဝ.က ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

“ထိုင်းလဝက ကဖမ်းတယ်။ အဲ့ဒီညနေမှာပဲ လဝကရုံးကို ပို့လိုက်တယ်။ ကျွန်တော် တောက်လျှောက်လိုက်ထုတ်တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီပေးတယ်။ သူတို့လိုက်ထုတ်ပေးတယ်။ ၃ ရက်နေ့ ညနေလောက်မှာ ထိုင်းစစ်တပ်ဘက်က လိုက်ထုတ်ပေးတယ်ပေါ့နော်။ အဲ့မှာ ၄ ရက်နေ့မှာ လာထုတ်ပါလို့ ထိုင်းလဝက ကပြောလိုက်တယ်။ အဲ့တော့ နောက်နေ့ နံနက် ၁၁ နာရီမှာ သွားထုတ်တော့ သူတို့ကပြောလိုက်တယ်။ မနက် ၁၀ နာရီ ကတည်းက ဟိုဘက်ကမ်းကို သွန်( ပို့ ) လိုက်တယ်လို့ ပြောတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုသီဟ၊ အသက် ၃၁ နှစ်အရွယ် ထက်နေဝန်းနှင့် အသက် ၂၆ နှစ်အရွယ် စောဖြိုးလေးတို့ ဖြစ်သည်။ အဆိုပါ အဖမ်းခံရသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ.ဝ.က ) မှ အင်ကြင်းမြိုင် BGF ဂိတ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဖမ်းခံရသူများမှာ ထွက်ပြေးသဖြင့် BGFအဖွဲ့၀င်များက ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦးမှာ ရင်ဘတ်ကျည်ထိမှန်ကာ တစ်ဦးမှာ ပေါင်ကိုထိမှန်ခဲ့ကြောင်းသိရသည်။ 

ဖမ်းဆီးခံရသူများကို BGF ဗိုလ်မှူးနိုင်မောင်ဇော်က ဦးခေါင်းတွင် အိတ်အမဲစွပ်ကာ စစ်ကောင်စီလက်ထဲသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့သုံးဦးနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်မတ်လက စတင်ကာ မြန်မာလူမျိုးများ နေထိုင်သည့် နေအိမ်၊ တန်းလျားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဓာတ်ပုံအချို့ကို ပြကာ မေးမြန်းမှုများရှိကြောင်း သိရသည်။ပြီးခဲ့သည့် လပိုင်းကလည်း မဲဆောက်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် CDM အချို့ကို ဖမ်းဆီးပြီး ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly