ရှေ့တန်းသို့ ထမင်းသွားပို့သည့် ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင်၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

By သွင်ထူးဈာန် (ကော်သူးလေ) (မဇ္စျိမ)
06 April 2023
ရှေ့တန်းသို့ ထမင်းသွားပို့သည့် ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင်၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ကရင်ပြည်နယ် ၊  မြဝတီမြို့နယ် ၊ မဲကနယ်ကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်သို့ ထမင်းသွားပို့သည့် ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ကာ ပစ်သတ်ခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

ထမင်းပို့သွားသူ ဦးမျိုးနှင့် ရဲဘော်ဟင်္သာတို့နှစ်ဦးသည် ဧပြီလ၄ရက်နေ့ ညနေ ၆နာရီတွင် မဲကနယ်(အတွင်း)ကျေးရွာ၌  စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

 “စစ်ကောင်စီတပ်တွေက ရွာထဲကို ကြားပေါက်ဝင်ရောက်လာတာ၊ ထမင်းသွားပို့တာက ရဲဘော်တစ်ယောက်ရဲ့ ဦးလေး မိသားစုဝင်ပေါ့လေ။ သူနဲ့ နောက်ထပ်ရဲဘော်တစ်ယောက်တို့ အတူ ရှေ့တန်းကို ထမင်းသွားပို့တာ သွားပို့ရင်း သူတို့နဲ့တွေ့ပြီး အသတ်ခံခဲ့ရတာ” ဟု ကျားသစ်နက်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဧပြီလ၅ရက်နေ့တွင် ကျားသစ်နက်စစ်ကြောင်းက သတ်ဖြတ်ခံရသူ နှစ်ဦး၏ ရုပ်အလောင်းကို သယ်ယူလာကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်းသိရသည်။  

“ဦးမျိုးက ဆိုင်ကယ်မောင်းတာ၊ ရဲဘော်က နောက်ကနေ လိုက်တာပေါ့။ ရွာထဲမှာ စစ်ကောင်စီတွေ ရောက်ပြီး ကင်းပုန်းဝတ်နေတာကို မသိလိုက်ဘူး ။ အဲ့မှာ အပစ်ခံလိုက်ရတာ၊ ဦးမျိုးကတော့ နေရာမှာပဲ ကျသွားတယ်။ ရဲဘော်ဟင်္သာကတော့ မသေခင် နှိပ်စက်ခံလိုက်ရတယ်။ လက်နှစ်ဖက်ဖြတ်ခံရတယ်။ ဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေ့တယ်။ အူတွေပါထွက်တယ်။ သူ့ကို မသတ်ခင် အတော်ညှဥ်းပန်း နှိပ်စက်ခဲ့တာ”ဟု ကျားသစ်နက်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မဲကနယ် ကျေးရွာတွင် စစ်ကောင်စီတပ်၊ BGF တပ်နှင့် KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့ မတ်လ၂၅ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ 

စစ်ကောင်စီသည် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်မှုများကို နေရာအနှံ့တွင်  ပြုလုပ်လျက်ရှိသည်။ 

၁၃ရက်ကြာ ဖြစ်ပွားနေသည့် မဲကနယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGFတပ်ဖွဲ့ဝင် အများအပြား သေဆုံးလျက်ရှိကာ မြေပြင်အရေးနိမ့်နေသည့်အတွက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပါ အသုံးပြုလျက်ရှိကြောင်းသိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly