အီရတ်မြောက်ပိုင်းရှိ အမေရိကန်စစ်စခန်းကို ၃ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် IS တို့တိုက်ခိုက်

အီရတ်မြောက်ပိုင်းရှိ အမေရိကန်စစ်စခန်းကို ၃ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် IS တို့တိုက်ခိုက်

ဘဂ္ဂဒက်၊ မတ် ၂၂ ။               ။ အီရတ်မြောက်ပိုင်းရှိ အမေရိကန်စစ်စခန်းတစ်ခုကို IS အကြမ်းဖက်အဖွဲ့က ၃ ရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံတိုက်ခိုက်ခဲ့သည်။

ဘဲလ် အမြောက်တပ်စခန်းဟုအမည်ရသော လျှို့ဝှက်အမေရိကန်စစ်စခန်းကို IS တပ်သား ၁၀ ယောက်ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမေရိကန်တပ်သားတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ ခြင်း မရှိဘဲ အနည်းဆုံး IS တပ်သား ၂ ဦး သေဆုံးခဲ့ကာ ကျန်လူများမှာ ပြန်လည်ထွက်ပြေး သွားခဲ့သည်ဟု အမေရိကန်စစ်တပ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သောစနေနေ့ကလည်း အီရတ်မြောက်ပိုင်း၊ မက်ခ်မာမြို့အနီးရှိ အမေရိကန်စစ်စခန်းကို IS အကြမ်းဖက်အဖွဲ့က ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ရာ အမေရိကန်တပ်သားတစ်ဦး သေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာ ရရှိသွားခဲ့သည်။

IS အဖွဲ့သည် ဘဲလ်အမြောက်တပ်စခန်းတည်ရှိသည်ကို သိရှိထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဟု အမေရိကန်စစ်တပ်မှ တာဝန်ရှိသူများကယူဆလျှက်ရှိသည်။

ဘဲလ်အမြောက်တပ်စခန်းကို လျှို့ဝှက်ထားရှိသည်မှာမှန်သော်လည်း စစ်သားများနှင့် လက်နက်များ ပို့ဆောင်ရာတွင် ရဟတ်ယာဉ်များကို အသုံးပြုပို့ဆောင်လေ့ရှိရာ IS အဖွဲ့က စခန်းတည်နေရာကိုသိရှိထားနိုင်သည်ဟု ကာနယ်လ် စတိဗ် ဝါရင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly