မဲကနယ်ဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေ

By သွင်ထူးဈာန် (မဇ္ဈိမ)
04 April 2023
မဲကနယ်ဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိမဲကနယ်ဒေသသို့ ယနေ့ ဧပြီလ ၄ ရက်နေ့ မွန်းတည့် ၁၂နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် KNLA, Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“နေ့လယ်၁၂နာရီလောက်မှာ ထိတွေ့တိုက်ပွဲစဖြစ်တယ်။ လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ပစ်တယ်။ စစ်ကောင်စီတပ်က အင်အားဘယ်လောက်နဲ့ တက်လာတာလဲလို့တော့ မသိသေးဘူး။ သူတို့တက်လာတဲ့ လမ်းကြောင်းဆိုရင် ခလရ(၃၅၅)တပ်ရင်းဘက်က တက်လာတဲ့ပုံပဲ။ လောလောဆယ် တိုက်ပွဲဖြစ်နေ ဆဲပဲ”ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ 

ယခုသတင်းရေးသားနေချိန် ညနေ ၃ နာရီ အချိန်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

မတ်လ၂၅ ရက်နေ့မှစတင်ပြီး မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုးတို့မှ စစ်ကောင်စီတပ်ဖွဲ့၏ အခြေစိုက်နေရာများကို ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အထိနာက ခုခံစစ်သာ ပြုလုပ်နေကြသည်။

သင်္ဃန်းညီနောင်မှ မြဝတီမြို့သို့ ပြန်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့် ဖောကားတစ်စီးကို Cobra စစ်ကြောင်းက ဧပြီလ ၃ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုအခြေနေကို မသိရှိရသေးကြောင်း  Cobra စစ်ကြောင်းက ထုတ်ပြန်ထား သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly