ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ် ၂ ခု ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

By ရောင်နီ (မဇ္စျိမ)
04 April 2023
ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ် ၂ ခု ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် နှစ်ခုကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) ထံမှ သိရသည်။ 

ခရမ်းမြို့နယ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကရင်ကန်စစ်ဆေးရေးဂိတ်နှင့် သစ်တောဂိတ်နှစ်ခုကို  ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲ ၀န်းကျင်အချိန်တွင် ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည်။ 

“ ကရင်ကန်ဂိတ်၊ သစ်တောဂိတ်တွေကို ညနေ ၃ နာရီ ၂၀ မိနစ်အချိန်မှာ ၄၀ မမ တွေနဲ့ ပစ်ခတ်တာ ဖြစ်ပါတယ်။ ညနေ ၄း၃၀ အချိန်မှာ ပိန်းကန်ရဲစခန်းကို ထပ်ပစ်ပါတယ်။ အထိအခိုက်ကတော့ နေရာစုံဆိုတော့ တိတိကျကျပြောဖို့တော့ ခက်ပါတယ်။ ရန်သူ့ဘက်ကတော့ ထိခိုက်မှုရှိပါမယ်။” ဟု PDF Khayan တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသည့် ခရမ်းမြို့နယ်ရှိ နေရာသုံးနေရာကို PDF Khayan က တစ်နေရာလျှင်  ၄၀ မမ ဗုံးသီး သုံးလုံး အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုများတွင် ကရင်ကန်စစ်ကောင်စီတပ်ဂိတ်မှ နှစ်ဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့ကာ သစ်တော စစ်ဆေးရေးဂိတ်အား ပစ်ခတ်မှုတွင် သေဆုံးသူ မရှိခဲ့သော်လည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ခရမ်းမြို့နယ်အတွင်းရှိ မြေပြင်သတင်းများကို ဖော်ပြနေသည့် ခရမ်းချန်နယ်က ထုတ်ပြန်ထားသည်။ 

“ ခရမ်းမြို့နယ်ကို ခရမ်းပြည်သူတွေက ပိုင်ပြီး ခရမ်းပြည်သူတွေက မွေးဖွားထားတဲ့ ခရမ်းPDF တွေနဲ့ အတူ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို တော်လှန်ကြပါရန်” လည်း PDF Khayan တာ၀န်ရှိသူက ဒေသခံပြည်သူများကို တိုက်တွန်းထားသည်။ 

ခရမ်းမြိုနယ်ရှိ ကရင်ကန်စစ်ဆေးရေးဂိတ်နှင့် သစ်တောဂိတ်များတွင် စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားကာ ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

“အဲ့ဒီဂိတ်နှစ်ခုမှာ သစ်တောဂိတ်က အဆိုးဆုံးပဲ။ ဂိတ်ကိုရောက်တာနဲ့ လမ်းဆင်းလျှောက်ရတယ်။ လျှောက်ရတာလည်း။ အ ေ၀းကြီးပဲ ။ ခရမ်းမှာ စစ်ဆေးရေး အကြမ်းဆုံးဂိတ်လို့ ပြောလို့ရတယ်။ အဲ့ဂိတ်တွေကို ကာကွယ်ရေးတပ်ဖွဲ့က မကြာခဏတိုက်ခိုက်တာတွေ လုပ်လေ့ရှိတယ်။ မနေ့က ဆိုလည်း အသံတွေအကျယ်ကြီးပဲ” ဟု ခရမ်းဒေသခံတစ်ဦးက ဆိုသည်။ 

တိုက်ခိုက်မှုဖြစ်စဥ်များတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တွင် ပါ၀င်ပြီး ပဲခူးတိုင်းနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ခရမ်းမြို့နယ်တွင်  စစ်ကောင်စီတပ်ဖွဲ့များ၊  ၄င်းတို့နင့် ပတ်သက်ဆက်နွယ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ  တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ 

ထို့ကြောင့် စစ်ကောင်စီတပ်က မြို့နယ်အတွင်းတွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေသလို အမျိုးသမီးများ အပါအ၀င် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်လေ့ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly