သထုံတွင် လက်နက်ကြီးထိမှန်၍ ဆယ်ကျော်သက် လူငယ် ၂  ဦး ထိခိုက်ဒဏ်ရာရ 

By YT  ( မဇ္ဈိမ)
04 April 2023
သထုံတွင် လက်နက်ကြီးထိမှန်၍ ဆယ်ကျော်သက် လူငယ် ၂  ဦး ထိခိုက်ဒဏ်ရာရ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ်တွင် စစ်ကောင်စီအထိုင်တပ်ရင်းမှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီနှင့် ၈ နာရီ ၃၀ ကြားတွင် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား၌ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် ထိုထိတွေ့တိုက်ပွဲ များအတွင်း သထုံမြို့နယ်၊ ဝင်းပအခြေစိုက် ခမရ (၉) စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခြင်းဖြစ် ကြောင်း KNU/ KNLA တပ်မဟာ (၁)၊ တပ်ရင်း(၁)က ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် စောချာလီးကီး နှင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေးတို့ဖြစ်ပြီး ညာဘက်ဒူးခေါင်းနှင့် ညာဘက်ပေါင်တွင် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

“ ကလေးနှစ်ယောက် ဒဏ်ရာရတာဟုတ်ပါတယ်၊ နေ့တိုင်းလိုလို ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်နေ တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

မတ်လအစောပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများရှိသဖြင့် သထုံမြို့နယ်ရှိ ကျုံမှိန်ရွာ၊ ချောင်းစောင့်ရွာများမှ ဒေသခံအချို့ သည် ကျေးရွာအတွင်းမနေရဲဘဲ စစ်ဘေးရှောင်နေကြရသည်။

ထို့ပြင် စစ်ဘေးရှောင်များ တိမ်းရှောင်နေသောနေရာအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ကြောင်းလည်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“မတ်လတုန်းက လက်နက်ကြီးကျည်ထိလို့ ကလေးနှစ်ယောက်သေပြီးကတည်းက ရွာတွေထဲကို လက် နက်ကြီးတွေနဲ့ ပစ်တာ၊ ဘယ်သူမှ ရွာထဲ ပြန်မဝင်ရဲဘူး၊ ဒေသခံတွေ စစ်ဘေးရှောင်နေတဲ့နေရာကိုလည်း လက်နက်ကြီးနဲ့ ပစ်ချတယ်၊ အဲ့ဒီမှာတော့ အထိအခိုက်တော့ မရှိသေးပါဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။

ယင်းအပြင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်(BGF)များသည် ကားနှစ်စီးဖြင့် ဓါတ်ကျိုက်ဂူအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဝင်းဖုန်းကျေရွာ အနီးရှိ လယ်တောအတွင်းကျရောက် ပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် လယ်ထဲတွင် စပါးရိတ်သိမ်းနေသော အသက် ၆၆ နှစ်အရွယ် ဝင်းဖုန်းရွာ ဒေသခံ စောတာဟော်၏ ညာဘက်လက်မောင်းတွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly