ပေါင်းတည်တွင် လောင်းကစားဝိုင်းမှ ဆက်ကြေးကောက်ပြန်လာသော ရဲနှင့်စစ်သားများ တိုက်ခိုက်ခံရ

By ရွှေနွယ် မဇ္ဈိမ
03 April 2023
ပေါင်းတည်တွင် လောင်းကစားဝိုင်းမှ ဆက်ကြေးကောက်ပြန်လာသော ရဲနှင့်စစ်သားများ တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သရက်ချဉ်ကျေးရွာတွင်ပြုလုပ်နေသော လယ်ပြင်ဘုရားပွဲ အတွင်းရှိ လောင်းကစားဝိုင်းများမှ ဆက်ကြေးကောက်ပြန်လာသော စစ်ကောင်စီတပ်သားများနှင့် ရဲတပ် ဖွဲ့ဝင်များအား ဒေသခံကာကွယ်ရေးတပ်များက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ရေးသတင်းပြန်ကြားရေးစာမျက်နှာ Bago Region PDF က ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့  ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်သားများနှင့်အတူ ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးသည် ဆိုင်ကယ်ငါးစီးဖြင့် လယ်ပြင်ဘုရားပွဲဘက်မှပြန်လာစဉ် နတ်ပုတီးရွာနှင့် သရက်ချဉ်ရွာကြား လမ်းမပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပေါင်းတည်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင်သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး သရက်ချဉ်ရွာမှ လူနာတင်ကားဖြင့် ပြည်ဘက်သို့ သယ်ဆောင်သွားသည်ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − PPDF  တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“လောင်းကစားဝိုင်းတွေက အရင်လကစစ်ကောင်စီသတင်းပေးမောင်ဝင်း ဦးဆောင်ပြီးလုပ်တဲ့ဝိုင်းက တော့ရပ်သွားတယ်၊ သတင်းပေးတွေက လုပ်တာတင်မကဘဲ သူတို့ (စစ်ကောင်စီတပ်သားများနှင့် ရဲများ) ကိုယ်တိုင်ဦးဆောင်ပြီး လုပ်နေတာတွေလည်းရှိတယ်။ မြို့မရဲစခန်းမှူးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရ ပြီး နောက်ဆက်တွဲကြားရတဲ့ သတင်းတွေအရ သေဆုံးမှုရှိတယ်လို့လည်း ကြားရပါတယ်” ဟု PPDF တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁) တပ်ခွဲ(၃) တပ်ခွဲ (၄) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် ပေါင်းတည်မြို့နယ်အပါအဝင် မြို့နယ်အများစု၌ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ် ဖွဲ့နှင့် ပျူစောထီးများက ဦးဆောင်၍ သော်လည်းကောင်း၊ လိုင်းကြေးကောက်ခံ၍ သော်လည်းကောင်း လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့်လများအတွင်းက အုတ်ဖိုမြို့နယ်နှင့် သာယာဝတီမြို့နယ် အပါအဝင် အခြားမြို့နယ်များ၌လည်း ပျူစောထီးများ ဦးဆောင်လုပ်ကိုင်နေသော လောင်းကစားဝိုင်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးဖောက်ခွဲမှုများ ပြုလုပ်ခဲ့သေးသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီတပ်များနှင့်ရဲများသည် လောင်းကစားဝိုင်းများအား ၎င်းတို့၏ ဝင်ငွေရလမ်းကြောင်းတစ်ခုအနေဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရ သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required