ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့် ရုပ်သံထုတ်ပြန်လာ

By ပါခွီး မဇ္စျိမ
03 April 2023
ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့် ရုပ်သံထုတ်ပြန်လာ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက် ခိုက်ရာတွင်ပါဝင်ခဲ့သည့် Hyper UAV Force ၏ ဒရုန်းဖြင့် ဗုံးချတိုက်ခဲ့သည့် မှတ်တမ်းရုပ်သံကို ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်လာသည်။

မှတ်တမ်းရုပ်သံတွင် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း၌ ရဲစခန်းအတွင်း အဓိကကျသောနေရာများအား ဒရုန်းများဖြင့် ဗုံးကြဲချသဖြင့် ပေါက်ကွဲမှုများကို မြင်ကွင်းအနီးအဝေးမှ ရိုက်ကူးထားသည်များကို တွေ့မြင် ရသည်။

“ကျနော်တို့ ဒရုန်းတပ်ဖွဲ့အနေနဲ့ မြေပြင်တပ်ဖွဲ့များနဲ့ ပူးတွဲ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ရဲ့ အဓိကကျတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးချပြီး အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု Hyper UAV Force တာဝန်ရှိသူတစ်ဦးက မဇ္စျိမ သို့ပြော သည်။

အင်အား ၈၀ ခန့်ရှိသော အဆိုပါ စစ်ကောင်စီရဲကင်းစခန်းကို အီနာဂါ ငါးလုံး ၊ ၆၀ မမ ဗုံးသီး သုံးလုံး အပါအဝင် ဗုံးအရွယ်အစားမျိုးစုံ ၂၃ လုံး ကြဲချခဲ့ကြောင်းဆိုသည်။

တိုက်ပွဲကြာချိန် ရှစ်နာရီခန့်ရှိခဲ့ပြီး စခန်း၏ ၇၅ ရာခိုင်နှုန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီတပ်မှ အထိနာသဖြင့် လေကြောင်းမှ Mi 17 ဖြင့် တပ်ကူများဖြည့်တင်း၍ MI 35 များဖြင့် တောက်လျောက်ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။

ကန်ရွာနယ်မြေရဲစခန်းကို ဂန့်ဂေါခရိုင်တပ်ရင်းများနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၅ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြ ထားသည်။

မြေပြင်အခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြေပြင်တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်းများဖြစ်သည့် အမှတ် (၁) ၊ အမှတ် (၇) ၊ အမှတ် (၁၁) ၊ အမှတ် (၁၂) ၊ အမှတ်(၁၄) ၊ အမှတ် (၁၉) နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားတပ်ဦး (ABSDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဟုသိရသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရ ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ပြင် ရဲဘော်တစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရခြင်းအပါအဝင် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာ ရရှိသူ ကိုးဦးအထိရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းအချို့နှင့် သုံ့ပန်းဖမ်းဆီးမှုများရှိခဲ့သော်လည်း မြေပြင်တပ်ဖွဲ့များ က သီးခြားသတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ဆိုသည်။

Hyper UAV Force တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် လှုပ်ရှားမှုများကို ကင်းထောက်သည့်မစ်ရှင်များ စတင်ဆောင်ရွက်ခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လတွင် ဗုံးသီးများ ထုတ်လုပ်မှုအောင် မြင်ပြီးနောက် စစ်ကောင်စီတပ်ကို ဗုံးကြဲတိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly