မော့ကနင်ကျေးရွာတွင် ရာဘာခြစ်ရန်ထွက်လာသည့် ရွာသား ၂ ဦး ပစ်ခတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
03 April 2023
မော့ကနင်ကျေးရွာတွင် ရာဘာခြစ်ရန်ထွက်လာသည့် ရွာသား ၂ ဦး ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ မော့ကနင်ကျေးရွာတွင် ရာဘာခြစ်ရန်ထွက်လာ သည့် ရွာသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ရာဘာခြစ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် မော့ကနင် ရွာသားနှစ်ဦးသည် ရွာအထွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့က မနက်အစောကြီး ရာဘာခြစ်ဖို့ သွားတာ။ လမ်းမှာတားတာ မရပ်လို့ ပစ်ခံရတယ် ပြောတယ်။ သူတို့ပြောတာက စစ်သားတွေ၊ တပ်ကပြောတာတော့ သူတို့မဟုတ်ဘူးတဲ့။ ကျနော်တို့လည်း သေချာ မပြောတတ်ဘူး” ဟု မော့ကနင်ရွာသားတစ်ဦးက ပြောသည်။

ရွာသားနှစ်ဦး ပစ်ခတ်ခံရသည့် မော့ကနင်ကျေးရွာအထွက် တံတားအနီးတွင် စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း သိရသည်။

“သူတို့က မနက် ၄ နာရီခွဲလောက်မှာ ခြံကိုသွားတယ်။ မော့ကနင်ရွာအထွက်မှာ ဘယ်တပ်ကပစ်တာလဲ တော့မသိဘူး၊ အဲ့ဒီအချိန်က မာရှယ်လောထုတ်ထားတဲ့အချိန်ဆိုတော့” ဟု အခြားဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာဘာခြစ်လုပ်သားနှစ်ဦး၏ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့ပြီး လူမှုကူညီရေးအသင်းများက လမိုင်းဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း လမိုင်းမြို့၊ အောင်သာယာကျေးရွာအနီး ရေး-သံဖြူဇရပ် လမ်းမကြီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိရပြီး မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သွားသည်ကို မသိရကြောင်း  ဒေသခံတစ်ဦးက ဆိုသည်။

မတ်လ ၂၃ ရက် ည ၈ နာရီခန့်ကလည်း ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီးရှိ ခလရ(၆၁)ရှေ့တွင် ကိုကြည်ဝင်းနှင့် မောင်လေးငယ်တို့ နှစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကိုကြည်ဝင်းသေဆုံး သွားခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ရာဘာခြံသို့သွားသည့် မော့ကနင်ရွာသား နိုင်ဗင်ဆိုသူအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့‌ သေးသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ အဆိုပါအချိန်များတွင် သွားလာနေသူများအား စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများမှာ သွားလာရန် အခက်အခဲရှိနေကြကြောင်း  သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly