မန္တလေးတွင် သွေးသောက်တံဆိပ် လည်ဆွဲပါ ရုပ်အလောင်းတွေ့ရှိ

By 007 မဇ္စျိမ
02 April 2023
မန္တလေးတွင် သွေးသောက်တံဆိပ် လည်ဆွဲပါ ရုပ်အလောင်းတွေ့ရှိ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက သွေးသောက်တံဆိပ်ပါလည်ဆွဲ ကတ်ချိတ်ဆွဲထားသည့် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်တောင်ရပ်ကွက် စံပြလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲဘေးတွင် ယနေ့ ဧပြီလ ၂ ရက် နံနက် ၂ နာရီခွဲခန့်ကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“အသက် ၄၀ အရွယ် အမျိုးသားလို့ သိရတယ်၊ သွေးသောက်တံဆိပ် ပါတာလည်းမှန်တယ်။ ဓားဒဏ်ရာ တွေအများကြီးနဲ့လဲကျနေတာကို လုံခြုံရေးတွေကတွေ့တာ၊ ဘယ်သူဘယ်ဝါမှန်းတော့ မသိရသေးဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်စဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၄၀ ၀န်း ကျင်အရွယ် အမျိုးသားဖြစ်ကြောင်း၊ ဓားဒဏ်ရာများစွာဖြင့်လဲကျလျက် ပက်လက်အနေအထားဖြင့် တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းတွင် သွေးသောက်အဖွဲ့ အနီရောင်ရှင်းလင်းရေး MDY စာသားပါ လည်ဆွဲ ကတ်ပါရှိကြောင်း၊ အလောင်းအားစစ်ဆေးရာတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဝဲဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ ခုနစ်ချက်တွေ့ရကြောင်း စစ် ကောင်စီ၏ ဝါဒဖြန့်သတင်းများက ဆိုသည်။

“လအတန်ကြာငြိမ်နေပြီးမှ အခုတစ်ကျော့ပြန်လာတာ၊ သွေးသောက်က ပျောက်နေတာကြာပြီ အခုမှပြန် ပေါ်လာတာ ဘာသဘောလဲမသိဘူး၊ ဟိုတလောက မတ္တရာမှာ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ စွန့်ပစ်ခံထားရသည့်ဖြစ်စဉ်တစ်ခု မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းများတွင် သွေးသောက် တံဆိပ်ပါလည်ဆွဲကတ် ချိတ်ဆွဲထားသည်။

သွေးသောက်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်အလွန်ကာလတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး NLD ပါတီဝင်နှင့် ပါတီထောက်ခံသူများ၊ PDF အဖွဲ့ဝင်များနှင့် ဆက်နွယ်နေသူများအားခြေမှုန်းမည်ဟု ထုတ် ပြန်ထားသည့် အဖွဲ့လည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မန္တလေးမြို့ပေါ်တွင် အနီရောင်သွေးသောက်အဖွဲ့လက်ချက်ဖြင့် ၁၀ ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး မြင်းခြံ၊ နွားထိုးကြီးနှင့် ကျောက်ဆည်မြို့တို့တွင်လည်း အလားတူဖြစ်ရပ် များဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးသောက်အဖွဲ့နှင့် ပတ်သက်၍ စစ်ကောင်စီ ကျောထောက်နောက်ခံဟု သတင်းများထွက်ပေါ် နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required