ဒုက္ခသည် အစုအပြုံလိုက် ဝင်ရောက်မှုက မြန်မာ-အိန္ဒိယ ဆက်ဆံရေးအပေါ် တင်းမာစေ

ဒုက္ခသည် အစုအပြုံလိုက် ဝင်ရောက်မှုက မြန်မာ-အိန္ဒိယ ဆက်ဆံရေးအပေါ် တင်းမာစေ
Thantlang Baptist Church destroyed. Photo: CHRO

၂၀၂၁ ၊ ဖေဖေါ်ဝါရီတွင် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းလူမျိုးစုမှ အစုအဖွဲ့ဝင် ၅၂,၀၀၀ ထက်မနည်းသည် နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ ၎င်းတို့တွင် အမျိုးမျိုးအဖုံဖုံသော စိတ်ခံစားမှုတို့ ရှိခဲ့ကြသည်ကိုလည်း သိရှိရသည်။

ချင်းတိုင်းရင်းသားတို့ အစုအပြုံလိုက် ထွက်ခွာမှုအတွက် အကြောင်းရင်းကို ရှာရန် မခက်ပေ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မူလအစိတ်အပိုင်းတစ်ခု ဖြစ်သလို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးသော ဒေသလည်း ဖြစ်သည့် ချင်းပြည်နယ်သည် နိုင်ငံတွင် အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ယင်း၏ အုပ်ချုပ်မှုကို အာဏာတည်စေရန် ကြိုးပမ်းချိန်တွင် အခြားသောပြည်နယ်အများစုထက် ပိုပြီး ထိခိုက်ခံစားခဲ့ရသည်။

အထူးတလည် အာဏာဖီဆန် ပုန်ကန်သည့် ပြည်နယ်အဖြစ် အာဏာသိမ်းစစ်တပ်၏ သတ်မှတ်ရှုမြင်ခြင်းကို ခံရသည့် ချင်းပြည်နယ်၏ မြို့နယ် ကိုးခုအနက် ခုနစ်ခုသည် လက်ရှိတွင် မာရှယ်လော (စစ်အုပ်ချုပ်ရေးအမိန့်) အောက်တွင် ဆက်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီ လေတပ်က ချင်းပြည်နယ်၏ မြို့နယ်တချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာတွင် ယင်းသည် မြေပြင်၌ စစ်တပ်အုပ်ချုပ်မှု ပြဋ္ဌာန်းမည့် အားထုတ်ကြိုးပမ်းမှုများက မအောင်မမြင်ဖြစ်ခဲ့သည် ဆိုသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆိုသည်။

၁၉၆၂ ခုနှစ်နှင့် နောက်တစ်ကြိမ် ၁၉၈၈ ခုနှစ်တို့တွင် နိုင်ငံတစ်ဝန်း စစ်တပ်အုပ်ချုပ်မှု အာဏာတည်စေရေး အစောပိုင်း ကြိုးပမ်းမှုများအတွင်းတွင်လည်း ချင်းပြည်နယ်သည် ဖြိုခွင်းနှိမ်နင်းခံရမှုများနှင့်ပတ်သက်၍ စိတ်သောကရောက်စရာ သမိုင်းကြောင်းတစ်ခု ရှိနေခဲ့သည်။

ချင်းလူမျိုးများသည် ခရစ်ယာန်များဖြစ်ကြပြီး ၎င်းတို့သည် အဓိကလွှမ်းမိုးရာ ဗုဒ္ဓဘာသာ၏ အနှစ်သာရအတိုင်း လည်ပတ်သည့် နိုင်ငံတစ်နိုင်ငံ၌ ဗဟို ဩဇာအမိန့်အာဏာအပေါ် သစ္စာခံရာတွင် သံသယဖြစ်စရာ ရှိသည်ဟု စစ်တပ်က ရှုမြင်ခဲ့သည်။

လယ်ယာစိုက်ပျိုးရေး မဟုတ်သော အခွင့်အလမ်းအနည်းငယ်အနက်တစ်ခုကို၎င်းတို့အတွက် လမ်းဖွင့်ပေးသည့် စစ်တပ်ထဲ ဝင်ရန် ရွေးချယ်သည့် ချင်းတိုင်းရင်းသားတို့မှာလည်း ဗိုလ်ကြီး အဆင့်၏အထက် အဆင့်ရာထူးများကို တိုင်းရင်းသားလူနည်းစုဝင်များ အဆင့်တက်ခြင်းအပေါ် တားဆီးဟန့်တားထားသည့် စစ်တပ်၏ စည်းမျဉ်းနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ စစ်တပ်၏ စည်းမျဉ်းအရ လုပ်ပိုင်ခွင့် ဩဇာအာဏာသည် အဓိကလွှမ်းမိုးရာ ဗမာလူမျိုးစုဝင်မှ အရာရှိများတွင်သာ တည်ရှိနေသည် ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

ချင်းပြည်နယ်ရှိ လူဦးရေ သန်းဝက်နီးပါးခန့် ရှိသည့် ချင်းတိုင်းရင်းသားတို့မှာ အနီးအနား ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်တို့ကဲ့သို့ နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကို မည်သည့်အခါကမှ ရရှိခဲ့ခြင်း မရှိပေ။ သို့တိုင်အောင် ချင်းတိုင်းရင်းသားတို့မှာလည်း စစ်တပ်၏ လက်အတွင်း အလားတူ ဖိစီးနှိပ်ကွပ်မှုနှင့် ရင်ဆိုင်ခံစားထားခဲ့ရသည်။ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုများ ပေါ်ပေါက်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာတို့အပေါ် စနစ်တကျ ဖိနှိပ်သတ်ဖြတ်မှုတို့ ပြုလုပ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အစုအပြုံလိုက် ထွက်ခွာမှုကို ဖြစ်စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ တစ်သန်းနီးပါးသည် ကော့ဇ် ဘဇားခရိုင်အနီး ကူတူပါလောင်နှင့် နာယာပါရာ ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်နေကြရသည်။

ချင်းလူမျိုးတို့သည် မွတ်စလင်များ မဟုတ်ဘဲ ခရစ်ယာန်များဖြစ်ပြီး ၎င်းတို့၏ အနီးဆုံးသော နိုင်ငံတကာ နယ်စပ်မှာ အိန္ဒိယအရှေ့မြောက် မီဇိုရမ်ပြည်နယ်နှင့် နယ်စပ် ဖြစ်သည် ဆိုသည်မှတစ်ပါး ချင်းလူမျိုးတို့၏ အခြေအနေသည် အနည်းငယ် မတူကွဲပြားသည်။ ချင်းနှင့် မီဇိုလူမျိုးတို့မှာ ဆက်နွယ်နေပြီး ၎င်းတို့၏ ဘာသာစကားများမှာလည်း နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်နိုင်သည်။ ကောင်းစွာသတ်မှတ်ထားခြင်းမရှိသည့် နယ်စပ်ကို ဖြတ်ကျော်ကာ မီဇိုရမ်ထဲ ဝင်ရောက်ပါက ၎င်းတို့ကို မီဇို အမျိုးသားတပ်ဦး အုပ်ချုပ်သည့် ပြည်နယ်အစိုးရ အပါအဝင် သက်ဆိုင်သူတို့က ညီအကိုဆွေမျိုးများသဖွယ် ကြိုဆိုခဲ့ကြသည်။

ဟိန္ဒူဘာသာဝင်မဟုတ်သူများ “တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု” နှင့်ပတ်သက်ပြီး အိန္ဒိယ၏ ဗဟိုအစိုးရက မပျော်ရွှင်သလောက် ဖြစ်နေသည်။ အိန္ဒိယဗဟိုအစိုးရသည် မြန်မာနှင့် နယ်စပ်ကို မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုကူးမှုနှင့် အတူ နှီးနွယ်ဆက်စပ် ကြည့်ရှုသည်။ အိန္ဒိယတွင် လှုပ်ရှားပြီး မြန်မာဘက်တွင် ဝင်ရောက်ခိုလှုံတတ်သည့် အိန္ဒိယ သောင်းကျန်းသူအုပ်စုအဖွဲ့များ (IIGs) ကို မူးယစ်ဆေးနှင့် လက်နက်မှောင်ခိုကူးမှုက ပံ့ပိုးကူညီသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) များကဲ့သို့ပင် IIGs တို့သည်လည်း ပိုမိုကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် သို့မဟုတ် ၎င်းတို့ထိန်းချုပ်ရာဧရိယာများကို ဆက်ထိန်းထားနိုင်ရန်အတွက် အိန္ဒိယအစိုးရကို တိုက်ခိုက်လျက်ရှိသည်။

မဏိပူရ်နှင့် နာဂလန်းပြည်နယ်တို့အပေါ်တွင်လည်း သက်ရောက်သည့် မြန်မာနှင့် နယ်စပ်တလျှောက် လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုကြောင့် အိန္ဒိယအစိုးရသည် ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်၊ ညှိနှိုင်းဆွေးနွေးသည့် မူဝါဒတစ်ရပ်ကို ကိုင်စွဲခဲ့သည်။ နောက်ပိုင်းတွင် ထိုမူဝါဒသည် အိန္ဒိယရှိ အုပ်စု၊ ဂိုဏ်းများ၏ ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အိန္ဒိယအစိုးရအနေဖြင့် ချင်းပြည်နယ်မှ ရောက်လာသူများအပေါ် ပိုမိုပြီး စာနာထောက်ထားသည့် သဘောထားကို ပြသသင့်ပြီး နေပြည်တော်အခြေပြု စစ်အုပ်စုအပေါ် ထောက်ခံမှု သိပ်မလုပ်သင့်ဟု အဆိုပါ အိန္ဒိယရှိ အုပ်စု ၊ ဂိုဏ်းများက ယုံကြည်ကြသည်။

IIGs ၊ တရုတ်တို့နှင့် စပ်လျဉ်း၍ အိန္ဒိယ၏ လုံခြုံရေးအကျိုးတရားများအတွက် အကောင်းဆုံး အာမခံပေးသူအဖြစ် အိန္ဒိယအစိုးရက မြန်မာစစ်တပ်အပေါ် လွဲမှားစွာ ယုံစားနေကြောင်း မြန်မာဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဂေါ်တမ် မွတ်ခိုပတ်ဟာယာက စွပ်စွဲသည်။ IIGs နှင့်ပတ်သက်၍ အိန္ဒိယ၏ လုပ်နည်းကိုင်နည်းက ညှိနှိုင်းအပေးအယူလုပ်ရသည့် ဆက်ဆံရေးတစ်ခုဟု ၎င်းက ခေါ်ဆိုပြီး အိန္ဒိယဘက်က မြန်မာစစ်တပ်ကို ကျေးဇူးဆပ်ရန် လိုသည့် ဆက်ဆံရေးမဟုတ်ဟု ဆိုသည်။ စစ်တပ်ကို အခြေပြုသည့် ဆက်ဆံရေးကို ဆန့်ကျင်ရန်နှင့် မြန်မာကို ပိုမို အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုပေါ် ဦးတည်ရောက်ရှိစေရေး နှိုင်းနှိုင်းချင့်ချင့် လမ်းကြောင်းပေးရန် အိန္ဒိယသံအမတ်ဟောင်းက The Wire တွင် ရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် အိန္ဒိယအစိုးရကို တိုက်တွန်းသည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အာဏာသိမ်းမှုမတိုင်မီ ပါလီမန်တွင် ရွေးကောက်ခံရသည့် မြန်မာနိုင်ငံသားများ အဓိက ဖွဲ့စည်းပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စတင်ပြီး စကားပြောဆိုခြင်း မရှိပါက ယင်းအနေဖြင့် မြန်မာတွင် ဩဇာအရှိန်အဝါ ဆုံးရှုံးမှုအန္တရာယ်ကို ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းက ပြောသည်။ “အာဏာသိမ်းမှုအလွန်မှာ မြန်မာရဲ့ နိုင်ငံရေးရပ်ကွက်တွေနဲ့ ပြင်ပ လေ့လာစောင့်ကြည့်သူတွေအကြားမှာ အမြင်တစ်ခုက ပေါ်ပေါက်ကြီးထွားလာခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီမိုကရေစီလိုလားတယ်လို့ ပြောပေမယ့် အိန္ဒိယဟာ (တရုတ်လိုပဲ) မြန်မာအာဏာသိမ်းစစ်တပ်ကို စစ်ဖက်ဆိုင်ရာ အထောက်အပံ့တွေကနေတဆင့် ကူညီထောက်ပံ့နေတယ်ဆိုတာပါပဲ” ဟု ၎င်းက ရေးသည်။

တစ်ချိန်တည်းမှာပင် မြန်မာအာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်ရှိ ဆန့်ကျင်တော်လှန်မှုကို အဆုံးသတ်စေရန်နှင့် ပြည်နယ်ကို စစ်တပ်အုပ်ချုပ်မှုအောက် ရောက်ရှိစေရန် အားထုတ်သည့်အနေဖြင့် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခြင်းကို ဆက်လုပ်နေပြီး ပြည်နယ်ရှိ အရပ်သားနေထိုင်သူများအတွက် ဆင်ခြင်စဉ်းစားပေးမှု မရှိသည့်ပုံပင် ဖြစ်သည်။

မြန်မာစစ်တပ်ထဲတွင် စိတ်ဓာတ်ခံယူချက်တို့ ထိုးကျနေပြီး ၎င်းတို့သည် ခဲယမ်းကျည်များ ပြတ်လပ်နေပြီဖြစ်ကာ ၎င်းတို့အနေဖြင့် ချင်းပြည်နယ်ကို သိမ်းရန် မြေပြင်တပ်ဖွဲ့များ မရှိသည့်အတွက် လေကြောင်းလုပ်နိုင်စွမ်းကိုသာ အားကိုးနေရခြင်း ဖြစ်ကြောင်း ချင်းပြည်လူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Za Uk က ပြောသည်။ CHRO သည် မီဇိုရမ်နှင့် နယ်စပ်အနီး ထန်တလန်မြို့၏ ပျက်စီးထိခိုက်မှုအခြေအနေကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီက ချင်းအမျိုးသားတပ်မတော် (CNA) သည် ယင်းမြို့၏ ရဲစခန်းအပါအဝင် မြို့ကို ထိန်းချုပ်ခဲ့သည်။ မြို့ကို ပြန်သိမ်းရန် အားထုတ်သည့်အနေဖြင့် လေကြောင်းမှ နေ့စဉ် ဗုံးကြဲမှုများကို လုပ်နေရသည့် စစ်တပ်က ထိုပြောကြားချက်ကို ငြင်းခုံခြင်း မရှိပေ။

လေတပ်ဗုံး နှစ်လုံးထက်မနည်း အိန္ဒိယနိုင်ငံထဲ ကျခဲ့ပြီး များမကြာမီ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီ လေယာဉ်တစ်စင်း အိန္ဒိယ နယ်နိမိတ်ပေါ်မှ ဖြတ်ပျံသန်းခဲ့ကြောင်း သိရသည်။ မြန်မာစစ်အုပ်စုသည် ချင်းပြည်နယ်၏ ၁၀ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်သည်ဟု CHRO က ခန့်မှန်းပြီး ယင်းသည် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အသီးသီးရှိသည့် နိုင်ငံတစ်ဝန်း ဗဟိုထိန်းချုပ်မှု ခန့်မှန်းချက်အောက် များစွာ လျော့နည်းနေသည်။

အကယ်၍ စစ်အုပ်စုအနေဖြင့် နယ်မြေ ထိန်းချုပ်မှုကို မည်မည်ရရ တိုးမြှင့်နိုင်ခြင်း မရှိပါက ၎င်းတို့ ထိန်းချုပ်မှုကို အားဖြည့်ရန် ကြိုးပမ်းမှုအဖြစ် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲများကလည်း မအောင်မမြင် ဖြစ်မည့်ပုံပေါ်နေသည်။ ရွေးကောက်ပွဲများသည် သေချာပေါက် ဖြစ်လမ်းမရှိသော ကိစ္စတစ်ခု ဖြစ်သည်ဟု သံအမတ်ကြီး မွတ်ခိုပတ်ဟာယာက ရှုမြင်ပြီး မြန်မာနိုင်ငံရှိ အာဏာအစစ်အမှန်သည် ချင်းအမျိုးသားတပ်မတော်ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် NUG တို့ထံ ဦးတည်ရောက်ရှိနေပြီဟု ၎င်းက ယုံကြည်သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် ချင်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်း ဆင်နွှဲနေသော ပြည်တွင်းစစ်၌ ရှုံးနိမ့်ခါနီးနေပြီဟု ဆို၍ မရသလို ၎င်းတို့သည် နိုင်ငံ၏ နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် အောင်ပွဲနှင့် နီးနေပြီ ဟူ၍လည်း မဆိုနိုင်ပေ။ ချင်းပြည်နယ်၌ စစ်မီးလောင်ကျွမ်းနေမှုနှင့် ဒုက္ခသည်များ အိန္ဒိယဘက် အစုအပြုံလိုက် ထွက်ခွာဝင်ရောက်နေခြင်းတို့က ပြသနေသည်။ ယင်းသည် နိုင်ငံ၏ အရှေ့မြောက် ပြည်နယ်များရှိ သောင်းကျန်းသူ လှုပ်ရှားမှုအတွက် စိုးရိမ်ပူပန်နေရသည့် အိန္ဒိယအစိုးရအတွက် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ပိုမို တင်းမာစွာ သဘောထားရန်နှင့် နိုင်ငံကို စစ်လက်နက်နှင့် လျှပ်စစ် တို့ ရောင်းချမှု ရပ်ဆိုင်းရန် တောင်းဆိုချက်များကိုလည်း အိန္ဒိယအစိုးရက လက်ရှိအချိန်အထိ မသိကျိုးကျွန်ပြုထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအနေဖြင့် ဂျီ ၂၀ အုပ်စု ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာအလယ် ၎င်း ထင်ပေါ်သည့် နှစ်တွင် အာရုံအနှောင့်အယှက်တစ်ခုခု ရှိမည်ကို စိုးရိမ်ပူပန်နေသည်။ လက်ရှိအချိန်အထိတော့ ၎င်းသည် မြန်မာ၌ တိုက်ခိုက်မှုများ ရပ်စဲရေး ညှိနှိုင်းရန် ကြိုးပမ်းအားထုတ်မှုများကို အာဆီယံအဖွဲ့၏ လက်တွင်းသာ ထားရှိရင်း ကျေနပ်နေခဲ့သည်။ အကယ်၍ အိန္ဒိယအရှေ့မြောက်ပိုင်းသို့ ဒုက္ခသည်များ ဆက်လက်ရောက်ရှိမှုက အိန္ဒိယ၏ ကိုယ်ပိုင်လုံခြုံရေး စိုးရိမ်ပူပန်မှုများကို ပိုမိုနက်ရှိုင်းစေမည် ဆိုပါက ယင်းက ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly