မုံရွာမြို့တွင် မြဝတီဘဏ်နှင့် စီးပွားရေးဘဏ် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

By ပါခွီး မဇ္စျိမ
02 April 2023
မုံရွာမြို့တွင် မြဝတီဘဏ်နှင့် စီးပွားရေးဘဏ် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ရှိ မြဝတီဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက အနီးကပ် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၂၂) မုံရွာ(နတ်ဆိုး)အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂ ရက် နံနက် ၅ နာရီ ၅၃ မိနစ်တွင် အဆိုပါ ဘဏ်နှစ်ခု၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ မြဝတီဘဏ်ကို စပစ်လိုက်တာ သူတို့ဖက်က လုံးဝ ပြန်မပစ်နိုင်ဘူး။ အဲဒီနောက် ကိုက် ၄၀၀ နီးပါးလောက်မှာရှိတဲ့ စီးပွားရေးဘဏ်ကို ထပ်ပစ်တာ၊ လက်နက်ကောက်ဖို့ အခွင့်အရေးရပေမယ့် ပစ်နေ တဲ့သေနတ်က ဂျမ်းဖြစ်သွားတော့ ထားခဲ့လိုက်ရတာ” ဟု မုံရွာနတ်ဆိုးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

စီးပွားရေးဘဏ်ကို ပစ်ခတ်ချိန်တွင် ဘဏ်အရှေ့မှဘန်ကာကိုကားဖြင့်ဝင်တိုက်ပြီး အနီးကပ် ပေ ၃၀ အတွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျည်ထိမှန်ပြီး လဲကျသွားသည်ကို မျက်မြင် တွေ့ခဲ့ရသော်လည်း အသေအပျောက်စာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိကြောင်း ဆိုသည်။

မြဝတီဘဏ်တွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်းကို သယ်ယူသွားသည် ကို မျက်မြင်တွေ့ရှိသူထံမှ ပြန်လည်သိရှိရ၍ အတည်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

ဘန်ကာကိုတိုက်မိသော ၎င်းတို့ကားမှာ ပျက်စီးသွားသဖြင့် စွန့်ပစ်ထားခဲ့ရပြီး ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၂၂) မုံရွာ(နတ်ဆိုး)နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ ရဲဘော်များ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၃၁ ရက်နေ့ကလည်း မုံရွာမြို့ မြဝတီရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး စစ်ဆေးရေးဂိတ်အား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Chindwin Attack Force) နှင့် မဟာမိတ်များက အနီးကပ် အလစ်အငိုက် ကားပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required