ကျိုက်ထိုမြို့ရှောင်လမ်းတွင် အသတ်ခံထားရသည့် အမျိုးသား ၁ဦး၏ ရုပ်အလောင်းတွေ့ရှိ 

By YT မဇ္ဈိမ
02 April 2023
ကျိုက်ထိုမြို့ရှောင်လမ်းတွင် အသတ်ခံထားရသည့် အမျိုးသား ၁ဦး၏ ရုပ်အလောင်းတွေ့ရှိ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့ရှောင်လမ်းတနေရာ၌ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရသည့် အမျိုးသားတဦး၏ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ 

အသတ်ခံရသူသည် ကျိုက်ထိုမြို့၊ အောင်ချမ်းသာရပ်ကွက် (၂) လမ်းမှ အသက် ၄၈ နှစ်အရွယ် ဦးကိုကိုမင်းဖြစ်ပြီး ၎င်းသည် ဆိုင်ကယ်ပွဲစားတဦးဖြစ်ကြောင်း သိရသည်။ 

"ခြံရောင်းပြီး သူ့အမျိုးသမီးအတွက် ဆိုင်ကယ်ဝယ်ဖို့ သွားတာ။ ပိုက်ဆံ သိန်း ၃၀ နဲ့ သူဝတ်ထားတဲ့ ရွှေနှစ်ကျပ်သား ပါသွားတယ်။ သူ့ကို ပြန်တွေ့တဲ့အချိန်မှာတော့ အဲ့ဒါတွေမရှိတော့ဘူး " ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ဦးကိုကိုမင်း၏ ရုပ်အလောင်းကို  မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီတွင် ကျိုက်ထိုမြို့ရှောင်လမ်းဘေး၌ လည်ပင်း၊ဝမ်းဗိုက်၊ လက်ကောက်ဝတ်တို့တွင် ဓားဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒဒေသခံအချို့က ပြောသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍  အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို  သံသယတရားခံအနေဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

ကျိုက်ထိုမြို့၊  မြို့ရှောင်လမ်းသည် ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှ ကျိုက်ထိုမြို့အထွက် တံတားဖြူအထိ ဆက်သွယ်ဖောက်လုပ်ထားပြီး ထိုလမ်းတလျှောက်တွင် လူပြတ်လပ်သဖြင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ 

ဦးကိုကိုမင်း အသတ်ခံရမှုအပေါ် စစ်ကောင်စီ​၏သတင်းများကို ဖြန့်ဝေပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF များက ပစ္စည်းလုယူ သတ်ဖြတ်သွားသည်ဟု စွပ်စွဲထားသည်ကို တွေ့ရသည်။ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) အပါအဝင် တော်လှန်အင်အားစုများက ၎င်းတို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောဆိုသည်။ 

"ဒီကိစ္စက ကျိုက်ထိုမြို့နယ်မှာရှိတဲ့ KRF အပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေက လုပ်ခဲ့တာလုံးဝမဟုတ်ပါဘူး" ဟု ကျိုက်ထိုမြို့နယ်မှ တော်လှန်ရေးတာဝန်ခံတဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာမှ ဒေါ်ခင်မြဝင်းသည် ၎င်း​၏ ရာဘာခြံထဲတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ထိုအချိန်ကလည်း စစ်ကောင်စီက PDF များပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သေးသည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။    ။မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly