KNU တပ်မဟာ (၁) အုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး 

By YT မဇ္ဈိမ
01 April 2023
KNU တပ်မဟာ (၁) အုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး 

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၊ သထုံခရိုင်တွင် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်​၏ တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှု၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထုတ်ပြန်ချက်များနှင့် မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။ 

KNU တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၊ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်​၏ နည်းမျိုးစုံ တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး သုံးဦး၊ အမျိုးသား ၁၀ ဦး သေဆုံးကာ အမျိုးသမီး ခုနစ်ဦး၊ အမျိုးသားကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ မတ်လအတွင်း စစ်တမ်းများတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်သည်  လေကြောင်းတိုက်ခိုက်မှုအပြင်  ၆၀မမ၊ ၈၁ မမ နှင့် ၁၂၀ မမ၊ RPG ကဲ့သို့သော လက်နက်ကြီးများအား အသုံးပြုကာ အရပ်သားပစ်မှတ်များကို  တိုက်ခိုက်ခဲ့သည်ဟု  KNU က ထုတ်ပြန်သည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုများကြောင့် သထုံမြို့နယ်၊ ဆူးအင်းကျေးရွာအုပ်စု၊ ဆူးအင်းရွာနှင့် ကျုံမှန်ရွာမှ ဒေသခံများ၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာအုပ်စု ခုနစ်ခုမှ ဒေသခံများအပါအဝင် ပြည်သူ ၃,၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။ 

" လက်နက်ကြီးက ညဘက်လူအိပ်ချိန်မှ ကျတာများတယ်။ လက်နက်ကြီးကျတော့ မိရာထိရာဆွဲပြီး ပြေးရတာပေါ့။ အဲ့ဒီလိုညတွေဆို အိပ်မရတော့ဘူး" ဟု KNU တပ်မဟာ (၁) တပ်ရင်း (၃) အုပ်ချုပ်မှုဒေသတွင် နေထိုင်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

စစ်တပ်အာဏာသိမ်းယူပြီးချိန်မှစ၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၅၀၀ နီးပါးနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်မှုအကြိမ်ရေ ၉၀၀ နီးပါး လုပ်ဆောင်ခဲ့ကြောင်း၊ KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သော သထုံခရိုင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးတွင် ပါဝင်သော နယ်မြေတစ်ခုဖြစ်ကြောင်း KNU ​၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနမှတ်တမ်းဌာနခွဲက ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်‌ကောင်စီတပ်ခေါင်းဆောင်များသည်  ၎င်းတို့တိုက်ခိုက်ခံရပါက အရပ်သားကျေးရွာများကို ပစ်ခတ်ရန် အမိန့်ပေးစေခိုင်းနေသည်ဟု CDM ပြုလုပ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက KNU ထံ ဖြေကြားထားသည်။ 

" ဗိုလ်ကြီးတွေက နည်းနည်းဖြစ်တာနဲ့ ရွာတွေကို ပစ်ခိုင်းတာပဲ" ဟု အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖြေကြားထားသည့် မှတ်တမ်းကို KNU က မတ်လ ၂၇ရက်တွင် ထုတ်ပြန်ထားသည်။ 

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့အတွက် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးတွင် စစ်ဆေးအရေးယူ၍ ပြည်သူလူထု​၏ တရားမျှတမှုအား ပြန်လည်ရယူရန် လိုအပ်ကြောင်း၊ သို့ရာတွင် တချို့သော နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် ဆက်နွယ်မှုရှိနေပြီး စစ်ကောင်စီအား နည်းမျိုးစုံဖြင့် ပံ့ပိုးနေကြောင်း KNU က မတ်လအတွင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

KNU အနေဖြင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား အရေးယူဆောင်ရွက်နိုင်ရေး၊ ပြည်သူများ​၏ လူ့အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် တရားမျှတမှုရရှိရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရများထံ တောင်းဆိုမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ 

စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required