သံမိုးတောင်ရွာကို စစ်တပ်က မီးရှို့၊  ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် 

By YT မဇ္ဈိမ
01 April 2023
သံမိုးတောင်ရွာကို စစ်တပ်က မီးရှို့၊  ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေးရွာအား ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ည ၈ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

KNU တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ တောင်ငူ- လိပ်သို- လွိုင်ကော် ကားလမ်းမပေါ်ရှိ သံမိုးတောင်စစ်ကောင်စီတပ်စခန်းအနီး ယမန်နေ့ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ သံမိုးတောင်ရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ရွာအား မီးရှို့ခဲ့ခြင်းဖြစ်သည်။ 

" စစ်ဖြစ်လို့ သူတို့လူတွေနာလာတော့ မီးစရှို့တော့တာပါပဲ။ အခုတော့ မီးငြိမ်းသွားပေမယ့် ရွာနားကပ်လို့မရသေးဘူး။ ဒေသခံတွေကတော့ ဘယ်လိုအဆင်ပြေမလဲဗျာ စစ်တလင်းထဲ " ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒါ့အပြင် လိပ်သိုမြို့နယ်တစ်ဝိုက်တွင် ယမန်နေ့ မတ်လ ၃၁ ရက်နေ့မှစ၍ ဖုန်းလိုင်းအချို့ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံက သိရသည်။ 

" မိုင်တဲ (MYTEL) နဲ့ MPT ပဲမိတယ်၊ အော်ရီဒူး (Ooredoo) နဲ့ တယ်လီနော (ATOM) က မနေ့ကတည်းက ဖုန်းလိုင်းဖြတ်ခံထားရတယ် " ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် ထုံးဘိုကြီး၊ သံမိုးတောင်၊ ဗဟုန်း၊ ကျောက်လုံးကြီး စသည့် စစ်ကောင်စီစခန်းလေးခုအား တပ်မဟာ (၂) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်​၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဗဟုန်းကျေးရွာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး၊ စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ၂၈ ရက်နေ့က ထုံးဘိုကြီးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကာ မတ်လ ၂၉ ရက်နေ့က သပြေညွန့်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

"စစ်ဖြစ်တဲ့နေရာမှာတော့ စစ်ဘေးရှောင်ဆိုတာတော့ ရှိမှာပါပဲ။ စစ်ကောင်စီက ဗဟုန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ထုံးဘိုကြီးရွာကို လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်။ သပြေညွန့်ရွာမှာလည်း လက်နက်ကြီးကြောင့်​ ဒေသခံတစ်ယောက်သေတယ် " ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒါ့အပြင် စစ်ကောင်စီတပ်​က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်၍ ထုံးဘိုကြီးကျေးရွာ၊ ဇလဲကျေးရွာ၊ သံမိုးတောင်ကျေးရွာ၊ ဗဟုန်းကျေးရွာ၊ ကွမ်းပင်ကျေးရွာ၊ ကျောက်လုံးကြီးကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ နေအိမ်စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ယခုမီးရှို့ခံရသော သံမိုးတောင်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့မှ သံမိုးတောင် စစ်ကောင်စီတပ်စခန်းအား စခန်းသိမ်းတိုက်ပွဲ ပြုလုပ်စဉ်ကာလက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံခဲ့ရပြီး ဗုံးကြဲခံရမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required