တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ကြရသည့် အာဖဂန်ပြည်သူများ၏အခြေအနေ   စိုးရိမ်စရာဖြစ်လာ

By ANI
31 March 2023
တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ကြရသည့် အာဖဂန်ပြည်သူများ၏အခြေအနေ   စိုးရိမ်စရာဖြစ်လာ

တင်းကျပ်သည့် တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်နေရသော အာဖဂန်နစ္စတန်ပြည်သူ အများအပြားသည် အလွန်ဆိုးဝါးသော အခြေအနေများတွင် နေထိုင်နေကြရပြီး အများအပြားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ကြုံတွေ့နေရကာ နေ့စဉ်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် နိုင်ငံအတွင်း တောင်းရမ်းစားသောက်နေကြရသည်။

"ကျွန်မက မုဆိုးမတစ်ယောက်ပါ။ အခုစီးပွားရေးအခြေအနေဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့အာဖဂန်နစ္စတန်တွေကို ကုန်သည်တွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေက အကူအညီပေးစေချင်ပါတယ်" ဟု  နိုင်ငံ၏စီးပွားရေးအခြေအနေဆိုးရွားမှုကြောင့် ထိခိုက်ခံစားရသူ ဖာဇာနာ၏ ပြောကြားချက်ကို ကိုးကား၍ TOLOnews သတင်းမှ ဖော်ပြထားသည်။

အာဖဂန်ပြည်သူအများအပြားသည် ရာမဒန်ဥပုသ်ကာလအတွင်း ဆိုးရွားသော အကျပ်အတည်းကို ကြုံတွေ့နေရပြီး အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးရန် တာလီဘန်တို့အား တောင်းဆိုထားသည်။
ကဘူးလ်မြို့လမ်းများပေါ်တွင် တောင်းရမ်းစားသောက်သူ ၃၀ ၀၀၀ ကျော်ကို အကူအညီပေးလိမ့်မည်ဟု အာဏာသိမ်းအစိုးရကပြောကြောင်း TOLOnews တွင် ဖော်ပြသည်။

ရာမဒန်လအတွင်း တောင်းရမ်းစားသောက်သူ ၃၀ ၅၀၀ ခန့်ကို အကူအညီပေးမည်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ ဒုဝန်ကြီးချုပ် မူလာ အဘဒူ ဂါနီ ဘာရာဒါက ပြောကြားသည်။ တောင်းရမ်းစားသောက်သူ ၁ ၆၀၀ ခန့်ကို ပထမအသုတ်အဖြစ် အကူအညီများ ပေးခဲ့ပြီးဖြစ်ကြောင်း အာဖဂန်သတင်းဌာနက ဖော်ပြသည်။

“တာလီဘန်အစိုးရဟာ လူအားလုံးကို သူတို့ရဲ့ ခြေ‌ထောက်ပေါ်  သူတို့ဘာသာ ရပ်တည်နိုင်အောင် ကူညီပေးဖို့ ကြိုးစားနေပါတယ်။ အခုချိန်ကစပြီး ဘယ်သူ့ကိုမှ တောင်းရမ်းစားသောက်တာ မလုပ်စေရပါဘူး” ဟု ကဘူးလ် ဒုက္ခသည်ဌာန အကြီးအကဲ ရာဟင်ဇိုင်းက ပြောကြားသည်။

တာလီဘန်အစိုးရထံ  အကူအညီတောင်းခံသူများက ၎င်းတို့သည် ဆိုးရွားသော အခြေအနေအောက်တွင် နေထိုင်နေရကြောင်း ပြောကြားခဲ့ပြီးနောက် အာဏာပိုင်များက ယခုကဲ့သို့ ထောက်ပံ့လာခြင်းဖြစ်သည်။

အာဖဂန်တွင် အမျိုးသမီးများ၏ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး အမျိုးသမီးများအား ခေါင်းဆောင်ပိုင်းရာထူးနေရာ မပေးသလို အမျိုးသားအဖော်မပါပါက  ခရီးသွားခွင့်မပေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly