ဖယ်ခုံနှင့် ပင်လောင်းအစပ် ၁ လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးကြောင်း မိုးဗြဲ PDF ထုတ်ပြန် 

By ဂျူချန်း (မဇ္ဈိမ)
31 March 2023
ဖယ်ခုံနှင့် ပင်လောင်းအစပ် ၁ လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးကြောင်း မိုးဗြဲ PDF ထုတ်ပြန် 

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီ လ ၂၄ ရက်နေ့မှ စတင်ခဲ့သည့် တစ်လကျော်ကြာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀၀ ဦး သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း MOBYE PDF တပ်ရင်း(၂) မှ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါ တစ်လကျော်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိခိုက်များ ရှိသကဲ့သို့ တော်လှန်ရေးအင်အားစုမှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရကာ ၁၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပင်လောင်းနှင့် ဖယ်ခုံအစပ်တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ရာ တိုက်ပွဲဖြစ်သည့် အကြိမ်တိုင်းလိုလိုတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းသုံး တိုက်ခိုက်လျက်ရှိရာ စုစုပေါင်း အကြိမ် ၁၀၀ ခန့် လေကြောင်းတိုက်ခိုက်မှုရှိကြောင်း သိရသည်။ 

“ထုတ်ပြန်ချက်ထဲက ၂၆ ကြိမ်က အစီးရေ ၂၆ စီး လာကြဲတာပါ။ အရင်ပိုင်းက တစ်စီးကို သုံးကြိမ် လာကြဲပါတယ်။ နောက်ပိုင်း တစ်စီးကို လေးကြိမ်ထိ လာကြဲတာရှိပါတယ်။ ကြဲချတဲ့အကြိမ်အရေအတွက်နဲ့တွက်ရင် အကြိမ်ရေတစ်ရာနီးပါး ကပ်ပါတယ်။ ကျနော်တို့သတင်းကို တစ်စီးလာရင် တစ်ကြိမ်ပဲ တင်ထားလို့ပါ” ဟု MOEBYE PDF တပ်ရင်း(၂) မှ တာဝန်ရှိသူတစ်ဦး က မဇ္ဈိမကို ပြောသည်။ 

မတ်လ ၂၉ ရက်နေ့ ပင်လောင်းမြို့တိုက်ပွဲတွင် တိုက်ပွဲဖြစ်ပြီး မိနစ် ၃၀ အတွင်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နှစ်စီးဖြင့် ၂၄ ကြိမ် ဗုံးကြဲခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ 

ထိုတိုက်ပွဲများတွင် မတ်လ ပထမအပတ်၌ စစ်ကောင်စီတပ်ဘက်အထိနာခဲ့သဖြင့် ပင်လောင်းမြို့နယ်ရှိ နမ်းနိန်ကျေးရွာအား မီးရှို့ခဲ့ခြင်း၊ ရဟန်း သုံးပါးအပါအဝင် အရပ်သား ၂၂ ဦးတို့အား သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အား MOBYE PDF2 အနေဖြင့် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်စပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများဖြစ်သည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်၊ Demoso Local PDF၊ PHEKON ZONE (KNDF)၊ PNDF(KK)၊ ရှမ်းတောင် PDF တပ်ရင်း(၈) စသည့် မဟာမိတ်ပူးပေါင်းတပ်များနှင့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ လက်နက်ခဲယမ်းနှင့် ရိက္ခာများလည်း လိုအပ်နေသဖြင့် ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ပေးကြရန် တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းထားကြသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly