NLDပါတီလွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချ 

By အဂမ် (မဇ္ဈိမ)
31 March 2023
NLDပါတီလွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချ 

မိုးညှင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့တွင်ထောင်ဒဏ် ၁၁ နှစ်  ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ 

ဒေါ်သက်ထားနှောင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၁ နှစ်  ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် NLD ပါတီပြန်ကြားရေးအဖွဲ့နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။ 

“ မြစ်ကြီးနားထောင်မှာပဲ။  ၅၀ (ည) အတွက် ထပ်တိုးတရားစွဲပြီး အမိန့်ချလိုက်တယ်လို့ပဲ သိထားရသေးတယ်။ ၅၀၅ (ခ) နဲ့တရားစွဲထားက ပြစ်ဒဏ်ပြည့်နေပြီကို မလွှတ်ဘဲ ပုဒ်မပြန်တပ်တရားစွဲတာ”ဟု မိုးညှင်းမြို့နယ် NLDပါတီပြန်ကြားရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည် 

ဒေါ်သက်ထားနှောင်းသည်  ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ  ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ဒေါ်သက်ထားနှောင်းက အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ 

ကချင်ပြည်နယ် နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေအိမ်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ထိုအမှုအတွက် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရပြီးနောက်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် စစ်ကောင်စီကထပ်မံ တရားစွဲဆိုခဲ့ခြင်းဟု သိရသည်။ 

ဒေါ်သက်ထားနှောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကချင်ပြည်နယ်  NLD ပါတီဝင်များ ဖြစ်ကြသည့်  ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မိုးညှင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်တို့နှင့် မိသားစုဝင်များဖြစ်ပြီး သုံးဦးစလုံးသည်  ၂၀၂၁ ဩဂုတ်လတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဦးတင့်စိုးနှင့်ဒေါ်ခင်ခင်စိန်တို့ကိုလည်း စစ်ကောင်စီက ထောင်ဒဏ်များချမှတ်ခဲ့ပြီး ယခုအခါ နှစ်ဦးစလုံး ပြန်လည်လွတ်မြောက်နေပြီဖြစ်ကြောင်း သိရသည်။ ဒေါ်သက်ထားနှောင်းကိုမူ စစ်ကောင်စီက ပုဒ်မထပ်တိုးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။ 

၎င်းတို့ သုံးဦး၏ဖခင် အသက် ၈၉ နှစ်အရွယ် ဦးဖေစိန်သည်  ၁၉၉၀ ခုနှစ်ဝန်းကျင်က ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်အစိုးရ အဆက်ဆက်က အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်အထိ NLD ပါတီဝင် ၁,၂၃၅ ဦးကိုဖမ်းဆီးထားကာ  ပါတီဝင်၂၆ ဦးသည်  စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိသည်ဟု NLDပါတီဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး  ၄၇ ဦး၏ နေအိမ်များကိုလည်း ဝရမ်းကပ်ထားကြောင်း NLDက သတင်းထုတ်ပြန်ထားသည်။ 

စာတည်း - မောင်ကြီး 
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required