သရော်လှောင်ပြောင် သတင်းတုများဖြင့် April Fool’s Day (ဆောင်းပါး)

သရော်လှောင်ပြောင် သတင်းတုများဖြင့် April Fool’s Day (ဆောင်းပါး)

မဇ္ဈိမ ။    ။ “ချစ်လို့စတာ၊ ချစ်လို့ နောက်လိုက်တာ” ဟူသော စကားလုံးသည် မြန်မာလူငယ်များအကြား အချင်းချင်း လှောင်ပြောင်စနောက်ပြီးလျှင် ပြန်လည်ချေပနေကျ စကားလုံးပင်ဖြစ်သည်။ ထိုသို့ စနောက်မှုများမှ အဘယ် သို့ အကျိုးသက်ရောက်မှုများ ရှိနေနိုင်သနည်း။ လူမှုကွန်ရက်ပေါ်တွင် စနောက်လိုက်ရာမှ အကြောင်းအရာ များ ရောထွေးကုန်ပြီး စာဖတ်သူများကို မည်မျှထိခိုက်သွားစေနိုင်သနည်း။ ဤသည်မှာ စဉ်းစားစရာပင်။  

မူလဘူတ အကြောင်းအရာတစ်ခုကို စတင်ဖြန့်ဝေသူက လူအများကို ပျော်စေချင်၊ ရယ်ပြုံးစေချင်ရုံသော အကြောင်းပြချက်တစ်ခုတည်းဖြင့် သရော်လှောင်ပြောင်သည့် အကြောင်းများကို ဖြန့်ဝေလိုက်သည် ဆိုပါစို့။ ထိုအကြောင်းကို ဖတ်မိသူ ပြန်လည်ဖြန့်ဝေသူများအတွက်ဆိုလျှင်ကော ထိုသို့ တစ်ထပ်တည်း ကျနိုင်ပါတော့ ဦးမလား။ 

ဥပမာဆိုရသော် အမည်ကျော်ကြားသည့် လူတစ်ဦးဦး၏ ပုံရိပ်ကိုအသုံးပြုပြီး ထိုသူမှပြောဆိုထားသယောင် အကိုးအကား စကားစုများဖြင့် ဟာသ Memes ပုံများဖြင့် သတင်းတုဖြန့်ဝေခြင်းကို လတ်တလောလေးကမှ မဇ္ဈိမက ဖော်ထုတ်တင်ဆက်ထားခဲ့သေးသည်။ 

ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေး၊ တော်လှန်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)မှ ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြောခွင့်ရ ဦးနေဘုန်းလတ်တို့၏ပုံများကို ၎င်းတို့မပြောဆိုခဲ့သော စကားလုံးများဖြင့် လှောင်ပြောင်သရော်ကာ သတင်းမှားဖြန့်ခဲ့ခြင်းပင်။ 

စစ်ကောင်စီ၏ဝါဒဖြန့်ချန်နယ်များမှလည်း ထိုသို့လှောင်ပြောင်သရော်ခြင်းကို ပြုလုပ်လေ့ရှိကြပြီး အတိုက် အခံများ၏ သတင်း၊ အတင်း၊ ပြဿနာများကို စာဖြင့်တစ်နည်း ကာတွန်းဖြင့်တစ်ဖုံ ပုံဖော်ခြင်းများက တစိုက်မတ်မတ်ပင် ရှိနေခဲ့သည်။ လှောင်ပြောင်ခြင်းဆိုသော်ငြား နည်းဗျူဟာကျကျဖြင့် အသုံးပြုပါက ထိရောက်သော လက်နက်ကိရိယာ တစ်ခုပင် ဖြစ်သည်။ 

မျှခြေပြန်လည်တွေးလျှင် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ပြုလုပ်နေသော ဗိုလ်ချုပ် ဇော်မင်းထွန်း၏ အမည်ကို ရုတ်တရက်မေးလျှင် သရော်ပုံဖျက်ထားသည့် အမည်နာမကိုသာ ခေါ်မိ ကြမည်ဖြစ်သည်။ အလားတူ မအလဟုအတိုကောက်ဖတ်ရုံဖြင့် မည်သူ့ကိုဆိုလိုသည်ကို ချက်ချင်းတွေးမြင်မိ ကြမည်ဖြစ်သည်။ 

တချိန်က နာဇီပါတီ၏ ဝါဒဖြန့်ချိရေးဝန်ကြီးတစ်ဦးဖြစ်ခဲ့သည့် ဂျိုးဇက်ဂိုဘယ်မှ “မကြာခဏ လိမ်ညာပြောရင် အမှန်တရားဖြစ်လာမှာပါ” ဟု သက္ကာယ အမှန်တရား တနည်းဆိုသော် အတွေးမှား၊ အယုံမှား၊ အထင်မှားခြင်း များမှ အမှန်တရားဖြစ်သွားခဲ့သည့် Illusion of Truth အကြောင်းကို ဆိုဖူးသည်။ နာဇီပါတီ၏ စည်းရုံးမှုဖြင့် ဂျူး ခြောက်သန်းကျော် သေဆုံးခဲ့သည်မှာလည်း တစ်လောကလုံ အသိပင်။ 

မတရား အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ထိုနည်း၎င်းပင် ရွေးကောက်ပွဲ မသမာမှု ကြောင့် အာဏာသိမ်းရသည်ဟုဆိုကာ ၎င်းရောက်ရှိသည့် တွေ့ဆုံပွဲတိုင်း၊ မိန့်ခွန်းတိုင်းတွင် ထပ်ကာထပ်ကာ ထည့်သွင်းပြောဆိုနေဆဲပင်။ 

သတင်းအမှားကို ရှာဖွေဖော်ထုတ်သည့် အချက်အလက်စစ်ဆေးသူများအနေဖြင့်ဆိုရလျှင် သရော်လှောင် ပြောင်နေသောကြောင့် အတည်ယူမရဘဲ ရှောင်ကွင်းသွားရသည့် အဖြစ်မျိုးရှိသည်။ ထိုအကြောင်းအရာ၏ ထိ ရောက်မှု၊ စစ်ဆေးရန် လိုအပ်သည့် အချက်အလက်နှင့် စာဖတ်သူအများစု၏ လှောင်ပြောင်နေခဲ့မှန်း နားလည် သဘောပေါက်နေခဲ့မှုများကြောင့်ပင်။ 

ဥပမာဆိုရသော် ကိုဗစ်ကာလတွင် “တမာရွက်စားပေးရတယ် မောင်လေး” ဟုဆိုကာ အသံဖိုင်များပျံ့နေခဲ့ပြီး အချို့က ရယ်စရာမှန်းသိသိဖြန့်ဝေကြသည်။ အချို့ကမူ အဟုတ်ထင်ကာ စိုးရိမ်စိတ်ဖြင့်ဖြန့်ဝေသည်။ သက် ရောက်မှုအဖြစ် တမာရွက်များ ရောင်းကောင်းခဲ့ခြင်းပင်။ 

ယခုမူ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စနောက်၊ နောက်ပြောင်သည့် April Fool’s Day သို့ ရောက်ရှိလာ ခဲ့လေပြီ။ ထိုနေ့မျိုးတွင် အစစ်ကို အတုလုပ်၊ အတုကို အစစ်လုပ်၊ အမှန်က အမှားဖြစ်၊ အမှားက အမှန်ဖြစ် စေသည့် အချင်းချင်းစနောက်နေသည့် တနည်းအားဖြင့် အရူးများနေ့ပင်။ 

ထိုသို့စနောက်ခြင်းက ပြဿနာမဖြစ်စေနိုင်သော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေအရလည်းကောင်း သတင်းအသိပညာအားဖြင့် လိုအပ်မှုရှိနေသေးသည့် အချို့သော စာဖတ်သူများ၊ ဆိုရှယ်မီဒီယာ အသုံးပြု သူများအတွက်မူ အပျော်မှ ပျက်ဖြစ်မသွားစေရန် အသိပေးတိုက်တွန်းရင်းဖြင့် တိကျသေချာပြီး ယုံကြည် စိတ်ချရသည့် သတင်းဌာနမှ သတင်းများကိုသာ နားစွင့်ထားကြရန် တိုက်တွန်းလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly