တကောင်းတောင် နီကယ်စက်ရုံ စွန့်ပြစ်မြေများကြောင့် တောင်သူများနစ်နာဆုံးရှုံးမှု ဖြေရှင်းမပေးပါက ဆန္ဒဖော်ထုတ်မည်ဟုဆို

တကောင်းတောင် နီကယ်စက်ရုံ စွန့်ပြစ်မြေများကြောင့် တောင်သူများနစ်နာဆုံးရှုံးမှု ဖြေရှင်းမပေးပါက ဆန္ဒဖော်ထုတ်မည်ဟုဆို

ပြင်ဦးလွင်၊ မတ် ၂၂ ။              ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတောင် နီကယ်စက်ရုံ၏ စွန့်ပြစ်မြေနီများဖုံးလွှမ်းမှုကြောင့် ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှုများရှိခဲ့သော်လည်း  စက်ရုံတာဝန်ရှိသူများကဆောင်ရွက်ပေးခြင်းမရှိသည့်အပေါ် ဆန္ဒဖော်ထုတ်သွားမည်ဟု အင်းနက်ကျေးရွာတောင်သူ ဦးစိန်ဝင်းက မဇ္ဈိမကို ပြောသည်။

''အခုလိုတောင်သူတွေအားလုံး နစ်နာဆုံးရှုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများထံလည်း တင်ပြထားပြီးပါပြီ။ ယနေ့အချိန်ထိ တောင်သူတွေအပေါ် ကွင်းဆင်းလေ့လာဆောင်ရွက်ပေးမှု မရှိသည့်အတွက် ဒေသခံတောင်သူလယ်သမားအားလုံးစုပြီး ဆန္ဒပြဖော်ထုတ်သွားကြမယ်လို့ ညှိနှိုင်းတိုင်ပင်ထားကြပါတယ်'' ဟု ဦးစိန်ဝင်းက ပြောသည်။

သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စုတွင် တောင်သူ ၄၁ဦး၏ စိုက်ပျိုးမြေ၊ ကျွန်းခင်းမြေ ၂၀၅ဧက ဝန်းကျင်၊ တောင်တလုံးကျေးရွာတွင် တောင်သူ၁၂ဦး၏ စိုက်ပျိုးမြေ၊ ကျွန်းခင်းမြေ ၁၅၀ဧကဝန်းကျင်နှင့် မိုင်းဒိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်၀၅၅ သွေးကျောက်ကွင်းရှိ တောင်သူ၁၃ဦး၏ လယ်ယာသီးကြမ်းစိုက်မြေ ၈၄ဧကတို့မှာ တကောင်းတောင် နီကယ်သတ္ထုတူးဖော်ရာမှ စွန့်ပြစ်မြေစာဖုံးလွှမ်းမှုကြောင့် ဆုံးရှုံးပျက်စီးခဲ့ရပြီး ၂၀၁၅ခုနှစ် ဇူလိုင်လကပင် အကြိမ်ကြိမ် တင်ပြထားခဲ့ကြသော်လည်း ယနေ့အချိန်အထိ ဖြေရှင်းပေးခြင်းမရှိဟု သိရသည်။

ယခင်နှစ်များက အင်းနက်အုပ်စု နှင့် တောင်တလုံးကျေးရွာတစ်ဝိုက် စိုက်ခင်းမြေများသာ ထိခိုက်ခဲ့ပြီး ပထမအကြိမ် ပျက်စီးမှုများအတွက် ၂၀၁၃ခုနှစ်ခန့်က နီကယ်စက်ရုံတာဝန်ရှိသူများက တစ်ဧကလျှင် ငါးသိန်းနှုန်းပေးလျော်ခဲ့ကြောင်း ယခုဆက်လက်ဖြစ်ပွားနေမှုများအပေါ် ဖြေရှင်းပေးစေလိုကြောင်း ဒေသခံတောင်သူများက ဆိုသည်။

နီကယ်စီမံကိန်းလုပ်ငန်းခွင်၏ စွန့်ပြစ်မြေနီများကြောင့် ၂၀၁၅မှ စတင်ကာ မိုးသည်းထန်ပါက စွန့်ပစ်မြေစာပါသည့် ချောင်းရေများမှာ သွေးကျောက်ကွင်းရှိ စိုက်ခင်းများကို ဖုံးလွှမ်းပျက်စီးခဲ့သည်ဟု တောင်သူများက ပြောသည်။ ယင်းဖြစ်ရပ်များမှာ ၂၀၁၅ မတိုင်မီက ဖြစ်ပွားခြင်းမရှိဟုလည်း ၎င်းတို့ကပြောသည်။

''ခုနစ်လပိုင်းကမိုးကြီးသည်း ပြီးတော့မှ ဒါ အာဏာကုန် မြေနီတွေဖုံးလွှမ်းပြီးတော့မှ ဦးလေးတို့ဘာမှစိုက်မဖြစ်ပဲနဲ့ ခု သီးနှံတွေလည်းပဲ စိုက်တဲ့သီးနှံတွေကျတော့ ဘာမှဖြစ်ဖြစ်ထွန်းထွန်းမရှိဘူး၊ အကုန်ရှုံး၊ ခုတော့ရတဲ့စပါးကလည်း နှစ်တိုင်းဆိုရင် တစ်ဧကကိုတစ်ရာဝန်းကျင် ရှစ်ဆယ်တစ်ရာမှာရှိတယ်။ ဒီနှစ်မှာဆိုရင် လေးဧကကို စပါးလေးသုံးဆယ်ထဲပဲ တစ်ကွင်းလုံးမှ စုစုပေါင်းစားရတယ် ''ဟု သွေးကျောက်ကွင်းရှိ တောင်သူဦးပေါ်ကပြောသည်။

သွေးကျောက်ကွင်းတွင် ယင်းကဲ့သို့နစ်နာဆုံးရှုံးမှုများကို တင်ပြတိုင်ကြားမှုများပြုခဲ့သဖြင့် ၂၀၁၅ခုနှစ်သြဂုတ်လက ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်ညွန့်နှင့် နီကယ်စက်ရုံကိုယ်စားလှယ် ဦးမင်းသိန်း နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ လာရောက်ကြည်ရှုစစ်ဆေးခဲ့ကြသော်လည်း ဖြေရှင်းပေးခြင်းမရှိသဖြင့်ထပ်မံတိုင်ကြားရာ ၂၀၁၅စက်တင်ဘာလက တကောင်းမြို့တာဝန်ရှိသူများ လာရောက်၍ မြေနီဖုံးလွှမ်းမြေများကို တိုင်းထွာခဲ့ရာ ၈၄ဧကရှိကြောင်း ယခုအချိန်အထိမူဖြေရှင်းပေးခြင်း၊အကြောင်းပြန်ကြားခြင်းပင်မရှိကြောင်း ဦးပေါ်ကပြောသည်။

နီကယ်စက်ရုံတာဝန်ရှိသူ ဦးသန်းထွန်းအောင်ထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ခေါ်ဆို၍မရခဲ့ပါ။

'နီကယ်စက်ရုံကြီး တကောင်းနယ်တစ်ဝိုက်မှာရှိတာကတော့ စိုက်ပျိုးလုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေအနေနဲ့ လုံးဝအဆင်မပြေပါဘူး၊ နှစ်စဉ်နှစ်တိုင်း ဒီကုမ္ပဏီကြီးမရှိခင်က ကျနော်တို့အတွက် ဒေသခံမြေပိုင်ယာပိုင် တောင်သူလယ်သမားတွေ သီးနှံများကိုစိုက်ပျိုးရပါတယ်။ ဒီကုမ္ပဏီကြီးပေါ်ပေါက်လာမှ နှစ်စဉ်နှစ်တိုင်း ကျရောက်ဖုံးလွှမ်းနေတဲ့   မြေနီတွေကြောင့်   ဒေသခံတောင်သူများ စိုက်ပျိုးမရဘဲနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။ ပညာရေး လူမှုရေးပေါ့ အားလုံးအတွက် အခက်အခဲဖြစ်နေပါတယ်''ဟု ဦးစိန်ဝင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly