NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမှုအပေါ် အမေရိကန်၊ ယူကေနှင့် ပြင်သစ် ရှုတ်ချ 

By 001 (မဇ္စျိမ)
31 March 2023
NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမှုအပေါ် အမေရိကန်၊ ယူကေနှင့် ပြင်သစ် ရှုတ်ချ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမှုအပေါ် ရှုတ်ချကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်၊ ယူကေနှင့် ပြင်သစ်သံရုံးတို့က မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ထုတ်ပြန်ထားကြသည်။ 

ထိုသို့ဖျက်သိမ်းမှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံရေးပါတီများကို ဖျက်သိမ်းသည့် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် ပြည်သူများ၏ ဆန္ဒသဘောထားနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီး မထေမဲ့မြင်ပြုကြောင်း ဖော်ပြလျက်ရှိသည်ဟု ထုတ်ပြန်ပြောဆိုသည်။ 

နိုင်ငံရေးအတိုက်အခံပြုခြင်းကို ပိတ်ပင်ထိန်းချုပ်ရန်နှင့် အများပြည်သူလွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်ရှိသည့် ပြည်သူ့အဝန်းအဝိုင်းကို မြေလှန်အမြစ်ဖြတ်ရန် အာဏာရှင်အဖွဲ့အစည်းက ကြိုးပမ်းနေမှုများသည် ၎င်းတို့၏ အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။ 

ထို့ပြင် အာဏာရှင်အဖွဲ့အစည်း၏ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည်မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြလျက်ရှိသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။ 

ပါတီ ၄၀ ကိုဖျက်သိမ်းရန် စစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ယူကေအစိုးရကလည်း ထုတ်ပြန်ပြောဆိုသည်။ 

အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ စစ်အာဏာရှင်အား ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယူကေ အစိုးရက ပြောသည်။ 

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး နှစ်လအတွင်း မှတ်ပုံပြန်မတင်သည့် NLDနှင့် SNLDအပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီ၏ UEC က မတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ နိုင်ငံရေးပါတီများကို ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်၊ ယူကေနှင့် ပြင်သစ်နိုင်ငံတို့အပြင် ဂျာမနီကလည်းရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကလည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။ 

ပါတီများကို ဖျက်သိမ်းလိုက်ခြင်း​ကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုတိုးမြင့် လာနိုင်ပြီး နိုင်ငံကို ပို၍ မတည်မငြိမ်ဖြစ်​စေနိုင်​ကြောင်း ဂျာမနီသံရုံး၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။ 

တည်ဆဲဥပဒေများကို ချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှု မရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိကြောင်း NLDပါတီက တုံ့ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly